CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီ ၂

ဘိုင်ယန်မြူးနစ်အသင်းဟာ ရီးရယ်လ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲ မတိုင်မီ ဒဏ်ရာရနေတဲ့ တိုက်စစ်မှူး ဟာရီကိန်းရဲ့ ကြံ့ခိုင်မှု အခြေအနေကို စိုးရိမ်မှုရှိနေပါတယ်။ 

ဟာရီကိန်းဟာ အင်္ဂလန်အသင်းနဲ့ လေ့ကျင့်မှု ပြုလုပ်ရင်း ဒဏ်ရာ ရရှိခဲ့တယ်လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က အတည်ပြုထားပါတယ်။

ဟာရီကိန်းရဲ့ ဒဏ်ရာရရှိမှုဟာ ရီးရယ်လ်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲမတိုင်မီ ရက်ပိုင်းအလိုမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ 

ဥရုဂွေးအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ခြေစမ်းပွဲမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားခဲ့ရခြင်းမရှိတဲ့ ဟာရီကိန်းဟာ ဂျပန်အသင်းနဲ့ ခြေစမ်းပွဲမတိုင်မီ လေ့ကျင့်ခန်း အစီအစဉ်မှာ အသေးစားဒဏ်ရာ ရရှိခဲ့တာပါ။ 

အဲ့ဒါကြောင့် ဟာရီကိန်းဟာ အင်္ဂလန်အသင်းရဲ့ နောက်ဆုံးခြေစမ်းပွဲ ၂ ပွဲစလုံး ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ 

ဟာရီကိန်းကို တွေ့ရစဉ်

အင်္ဂလန်အသင်းကလည်း ဒီခြေစမ်းပွဲ ၂ ပွဲမှာ ၁ ပွဲသရေ၊ ၁ ပွဲရှုံးနိမ့်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဧပြီလ ၇ ရက်မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် ဘာနေဗျူးကွင်းထံ သွားရောက်ပြီး ရီးရယ်လ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ဧပြီလ ၁၅ ရက်နေ့မှာတော့ ဒုတိယအကျော့အဖြစ် ဘိုင်ယန်မြူးနစ်အသင်းဟာ ရီးရယ်လ်အသင်းကို အိမ်ကွင်း လက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ တိုက်စစ်မှူး ဟာရီကိန်းရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်သေးပေမယ့် သူဟာ ဖရိုင်းဘတ်အသင်းနဲ့ ကစားမယ့် ဘွန်ဒက်လီဂါပွဲစဉ်ကို လွဲချော်ဖို့ ရှိနေပါတယ်။ 

ဟာရီကိန်းဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲပေါင်း ၄၀ ကစားထားပြီး ၄၈ ဂိုးသွင်းယူထားတာပါ။

ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ၃၁ ဂိုးသွင်းယူထားတဲ့ ဟာရီကိန်းအနေနဲ့ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့ ဘွန်ဒက်လီဂါ သွင်းဂိုး စံချိန်ကို ကျော်ဖြတ်နိုင်ဖို့ဆိုရင် လိဂ်ပွဲတွေကို မလွဲချော်ဖို့လည်း လိုအပ်နေတာဖြစ်ပါတယ်။ 

Source: besoccer