CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၇

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ကြံ့ခိုင်မှု အပြည့်အဝ ရှိနေတာကြောင့် အသင်းဟောင်း စပါးနဲ့ လန်ဒန်မှာ ကစားမယ့်ခြေစမ်းပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပါဝင်ဖွယ်ရှိနေပါတယ်။ 

ဟာရီကိန်းဟာ ပြီးခဲ့တဲ့အပတ်က တောင်ကိုရီးယားမှာ ကစားခဲ့တဲ့ ဒီနှစ်သင်းရဲ့ခြေစမ်းပွဲစဉ်မှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ 

ဟာရီကိန်းဟာ အင်္ဂလန်အသင်းနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ ယှဉ်ပြိုင်ထားလို့ အနားယူနေပေမယ့် ဒီရက်သတ္တပတ်ထဲမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ရှိနေပါတယ်။ 

ဟာရီကိန်းဟာ ကြံ့ခိုင်မှု အခြေအနေကြောင့် စပါးအသင်းနဲ့ ကစားမယ့် လန်ဒန်ခြေစမ်းပွဲကို လွဲချော်နိုင်တယ်လို့ သတင်းထွက်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းက သူပါဝင်နိုင်တယ်လို့ ပြောထားတာပါ။

ဘိုင်ယန်မြူးနစ်ဒါရိုက်တာ အီဘာလ်က “ဟာရီကိန်းရဲ့ဒဏ်ရာက မပြင်းထန်ပါဘူး။ ယူရိုဗိုလ်လုပွဲမှာ ရှုံးတာက သူ့ကိုပိုစိတ်ပျက်စေတာပါ။ သူဟာ ကျနော်တို့နဲ့အတူ လန်ဒန်ကို လိုက်ပါမှာဖြစ်ပြီး ဝင်ရောက် ကစားနိုင်ပါတယ်။ ကျနော်တို့က သူ့ကို တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်ပြီး ပိုကယ်နဲ့ ဘွန်ဒက်လီဂါပွဲအတွက် အဆင်သင့်ဖြစ်အောင် လုပ်မှာပါ”လို့ ပြောခဲ့ပါတယ်။

ဟာရီကိန်းကို တွေ့ရစဉ်

စပါးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ လန်ဒန်ခြေစမ်းပွဲကို သြဂုတ် ၁၀ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပြီး တောင်ကိုရီးယားနိုင်ငံမှာ တွေ့ဆုံခဲ့တုန်းက ဘိုင်ယန်မြူးနစ်အသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ စပါးအသင်းနဲ့ ခြေစမ်းပွဲပြီးရင် နောက်ထပ် ခြေစမ်းပွဲ တစ်ပွဲကစားဖို့ ရှိနေကာ ဒီပွဲအပြီး သြဂုတ် ၁၆ ရက်မှာ ပိုကယ်ဖလား ပထမအဆင့်အဖြစ် Ulm၊ ၂၅ ရက်မှာ ဝုလ်ဖ်ဘတ်အသင်းနဲ့ ဘွန်ဒက်လီဂါ အဖွင့်ပွဲစဉ်ကစားရမှာပါ။

စပါးအသင်းကတော့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ခြေစမ်းပွဲပြီးရင် သြဂုတ် ၁၉ ရက်မှာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် အဖြစ် လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

 Source: Goal