CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂

ဆွန်ဟောင်မင်ဟာ ဒီနွေရာသီမှာ စပါးအသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ပြီးပြီဆိုတဲ့ အကြောင်းကို အသင်း တာဝန်ရှိသူတွေထံ အသိပေး အကြောင်းကြားခဲ့ပါတယ်။ 

အဲဒါကြောင့် ဆွန်ဟောင်မင်ဟာ သူ့ရဲ့ စပါးအသင်း ကစားသမားဘဝ နောက်ဆုံးပွဲစဉ်ကို မွေးရပ်မြေ တောင်ကိုရီးယားမှာ အဆုံးသတ်ဖို့ ရှိနေတာပါ။ 

စပါးအသင်းဟာ Seoul World Cup Stadium မှာ နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။ 

ဆွန်ဟောင်မင်ဟာ မေဂျာလိဂ်ကလပ် LAFC အသင်းနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး စပါးအသင်းဟာ သူ့ရဲ့ဆန္ဒကို ခွင့်ပြုပေးဖို့ ရှိနေတာပါ။ 

ဆွန်ဟောင်မင်က “ကျနော် စပါးအသင်းကို ထွက်ခွာဖို့ တောင်းဆိုထားပြီး ဆုံးဖြတ်ချက်လည်း ချပြီးသွားပါပြီ။ ကျနော်ဒီမှာ အကောင်းဆုံး လုပ်ဆောင်ခဲ့ပြီး စိန်ခေါ်မှု အသစ်တစ်ခု လိုချင်ပါတယ်။ ဒါက ကျနော့်ဘဝရဲ့ အခက်အခဲဆုံး ဆုံးဖြတ်ချက်ပါ”လို့ ပြောခဲ့ပါတယ်။ 

ဆွန်ဟောင်မင်ကိုတွေ့ရစဉ်

၂၀၁၅ ခုနှစ်က လေဗာကူဆင်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆွန်ဟောင်မင်ဟာ စပါးအသင်းအတွက် ၄၅၄ ပွဲ ကစားခဲ့ပြီး ၁၇၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၀၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ယူရိုပါလိဂ်ဆုဖလား ရယူနိုင်ခဲ့တာပါ။ 

ဆွန်ဟောင်မင်နဲ့ စပါးအသင်းရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်သလို နည်းပြသစ် သော်မတ်စ်ဖရန့်ခ် လက်ထက်မှာ ပုံမှန်ပွဲကစားခွင့် ဆုံးရှုံးရနိုင်တာကြောင့် ထွက်ခွာဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်းဟာ သြဂုတ် ၃ ရက်မှာ နယူးကာဆယ်၊ ၇ ရက်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်သွား မှာ ဖြစ်ပါတယ်။ 

Source: Dailymail