CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁

အာဆင်နယ်အသင်းနည်းပြ အာတီတာက ပရီးမီးယားလိဂ် ရာသီသစ် စတင်ချိန်မှာ နောက်ခံလူတွေဖြစ်တဲ့ ဂါဘရီရယ်လ်၊ တင်ဘာနဲ့ ကာလာဖီအိုရီတို့ ကြံ့ခိုင်မှုပြည့်ဝနေဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။ 

သူတို့ ၃ ဦးစလုံးဟာ အာဆင်နယ်အသင်းက စပါးအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ဟောင်ကောင် ခြေစမ်း ပွဲမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။

ဗြိတိန်အပြင်ဘက်မှာ ပထမဆုံးကစားခဲ့တဲ့ မြောက်လန်ဒန် ဒါဘီပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ စပါးအသင်းကို ကွင်းလယ်လူ ဆားရဲ့ သွင်းဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီကုန်မှာ ဒဏ်ရာတွေရရှိခဲ့တဲ့ ဂါဘရီရယ်လ်နဲ့ တင်ဘာတို့ဟာ အာဆင်နယ်အသင်းရဲ့ အာရှရာသီကြို ခြေစမ်းပွဲမှာ ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိတာပါ။ 

တံကောက်ကြော ခွဲစိတ်မှုခံယူခဲ့တဲ့ ဂါဘရီရယ်လ်ဟာ ဝက်ဖို့ဒ်အသင်းနဲ့ တံခါးပိတ် ခြေစမ်းပွဲမှာ ၄၅ မိနစ် ပါဝင်ကစားခဲ့ပါတယ်။

အာဆင်နယ်နဲ့စပါးယှဉ်ပြိုင်နေစဉ်

တင်ဘာဟာ မေလက ခြေချင်းဝတ် ခွဲစိတ်မှုခံယူခဲ့ရပြီး ကာလာဖီအိုရီဟာ စင်္ကာပူမှာကစားခဲ့တဲ့ နယူးကာဆယ် အသင်းနဲ့ပွဲစဉ်မှာ ပါဝင်ခဲ့ပေမယ့် လူစားလဲခံခဲ့ရတာပါ။ 

အဲဒါကြောင့် ယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်မှာ သူတို့ ၃ ဦး ပါဝင်နိုင်မယ့် အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းခံရချိန်မှာ အာဆင်နယ်အသင်းနည်းပြ အာတီတာက ပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။ 

စပါးအသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ဒုတိယပိုင်း လူစားလဲ ဝင်ရောက် လာခဲ့ပေမယ့် ၁၅ မိနစ် အကြာမှာ လူစားလဲခံခဲ့ရတဲ့ တောင်ပံကစားသမား ထရော့ဆာ့ဒ်ရဲ့ အခြေအနေကို အကဲဖြတ်ရမယ်လို့ နည်းပြ အာတီတာက ပြောခဲ့ပါတယ်။ 

အာဆင်နယ်အသင်းဟာ အာရှရာသီကြို ခြေစမ်းခရီးစဉ်မှာ ၃ ပွဲ ကစားခဲ့ပြီး အေစီမီလန်နဲ့ နယူးကာဆယ်အသင်း ကို အနိုင်ရခဲ့ပေမယ့် စပါးအသင်းကို အရေးနိမ့်ခဲ့တာပါ။ 

အာဆင်နယ်အသင်းဟာ လာမယ့် ရက်ပိုင်းမှာ ဗီလာရီးရယ်လ်၊ ဘီလ်ဘာအိုအသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်သွား မှာ ဖြစ်ပါတယ်။ 

Source: ESPN