CNI Sport News

၂၀၂၂ ခုနှစ်၊ မေ ၁၃

အာဆင်နယ် အသင်းနည်းပြ အာတီတာက စပါးအသင်းကို အရေးနိမ့်တဲ့ပွဲစဉ်မှာ ဒိုင်လူကြီးတွေနဲ့ ပတ်သက်ပြီး သူ့အထင်တွေပြောလိုက်ရင် ၆ လ လောက်ပွဲပယ်ခံရမှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အာတီတာက “ ကျနော်ထင်တာကို ပြောလိုက်မယ်ဆိုရင် ၆ လ လောက်ပွဲပယ်ခံရနိုင်ပါတယ်။ဘယ်လိုလိမ်ပြီး ပြောရမှန်းမသိလို့ ကျနော်ထင်တာကို မပြောနိုင်ပါဘူး။ကျနော့် ကစားသမားတွေအတွက် စိတ်မကောင်း ဖြစ်ရပေမယ့် သူတို့အတွက် ဂုဏ်ယူမိပါတယ်။ဒိုင်လူကြီးကို ကင်မရာရှေ့လာပြီး သူ့ရဲ့ ဆုံးဖြတ်ချက်တွေကို ရှင်းပြစေချင်ပါတယ်။ဒီလို လှပတဲ့ပွဲကို ဖျက်ဆီးလိုက်တဲ့အတွက် ရှက်ဖို့ ကောင်းပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ စပါးအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့အတွက် ပရီးမီးယားလိဂ် ပွဲစဉ်ကစားဖို့ ၂ ပွဲ သာ ကျန်ရှိတော့တဲ့အချိန်မှာ နှစ်သင်းကြား အမှတ်ကွာဟချက်က (၁) မှတ်သာ ရှိတော့တာပါ။အဲဒါကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် နောက်ဆုံးပွဲစဉ်အထိ အပြိုင်အဆိုင် ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။အာဆင်နယ် အသင်းဟာ စပါးအသင်းကို ပေးလိုက်ရတဲ့ ပထမဂိုး ပင်နယ်တီနဲ့ပတ်သက်ပြီး ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေခဲ့တာပါ။

စပါးအသင်းနည်းပြ ကွန်တီကတော့ အာတီတာအနေနဲ့ ကိုယ့်အသင်းကိုယ်ပဲ အာရုံစိုက်ပါလို့ ပွဲအပြီးမှာ ပြန်ပြော သွားခဲ့ပါတယ်။ကွန်တီက “သူဟာ အများကြီး ညည်းညူနေပါတယ်။သူ့အသင်းအတွက် သူပိုပြီး အာရုံစိုက်သင့် ပါတယ်။သူ့အလုပ်တွေကို ပိုပြီး အာရုံစိုက်ရပါမယ်။သူဟာ အလွန်ကောင်းမွန်တဲ့ နည်းပြဖြစ်လို့ အလုပ်တွေကို ဆက်ပြီး လုပ်နေရပါမယ်။တစ်ယောက်ယောက်ဆီက တစ်ချိန်လုံး ညည်းညူသံတွေကြားရတာ သိပ်ပြီး မကောင်းပါဘူး”လို့ ပြောခဲ့တာပါ။

အာဆင်နယ်အသင်းဟာ (၂၀၁၆-၁၇) ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ပစ်မှတ်ထား နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်က သူတို့လက်ထဲမှာရှိတယ်လို့ အာတီတာက ပြောခဲ့ပါတယ်။

“ ဒီပွဲက သမိုင်းပါ။အခု နယူးကာဆယ်နဲ့ပွဲအတွက် သွားရပါမယ်။ဒီပွဲကို အနိုင်ရယူနိုင်ဖို့ ကြိုးစားသွားရပါမယ်။ကျနော်တို့မှာ ပွဲကစားဖို့ ၂ ပွဲ ရှိပါတယ်။ဒါက ကျနော်တို့ လက်ထဲမှာရှိပြီး ဒီအတွက် ကျနော်တို့ အလုပ်လုပ်သွားရမှာပါ ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Source:BBC,goal.com