CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၁၃

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲယား ဟာ ဆယ်ကျော်သက် ဘဝကတည်းက တွဲလာခဲ့တဲ့ ချစ်သူ ဖန်ဟော်ကင်စ်နဲ့ တရားဝင် လက်ထပ်လိုက်ပြီ ဖြစ်ပါတယ်။

သူတို့ နှစ်ဦးဟာ အခုနှစ် နွေရာသီမှာ ကြီးကျယ်တဲ့ မင်္ဂလာပွဲ ပြုလုပ်သွားမှာဖြစ်ပြီး ဒီမတိုင်ခင် ခရူဝီ မှတ်ပုံတင်ရုံးမှာ ကြာသပတေးနေ့က လျှို့ဝှက်လက်ထပ်ခဲ့ကြတာပါ။

အသက် ၂၉ နှစ်အရွယ်ရှိ မက်ဂွဲယား ဟာ အင်္ကျီအဖြူရောင်၊ ဘောင်းဘီ အနက်ရောင် ဝတ်ဆင်ကာ အဆိုပါ ရုံးကနေ ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။ ဖန်ဟော်ကင်စ် ရဲ့ လက်သူကြွယ်မှာ ကြီးမားတဲ့ လက်စွပ် ဝတ်ဆင်ထားခဲ့တာကို မြင်တွေ့ခဲ့ရတာပါ။

မက်ဂွဲယား ဟာ မနက်ပိုင်းမှာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့အတူ ကာရင်တန်မှာ လေ့ကျင့်မှု ပြုလုပ်ပြီးနောက် ခရူဝီ မှတ်ပုံတင်ရုံးကို တန်းပြီး သွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ စုံတွဲဟာ သူတို့နဲ့ အရင်းနှီးဆုံး မိသားစု၊ သူငယ်ချင်းတွေက လွဲပြီး အသေးစိတ် အချက်အလက်တွေ အားလုံးကို လျှို့ဝှက်ထားခဲ့တာပါ။

မက်ဂွဲယားနဲ့ ဖန်ဟော်ကင်စ် တို့ဟာ အခုလာမယ့် နွေရာသီ ပြင်သစ်မှာ မင်္ဂလာပွဲ ကျင်းပပြီး လက်ထပ်ရာမှာ ပါဝင်တဲ့ ကတိကဝတ်တွေကို ထပ်မံ ခံယူကြဦးမှာ ဖြစ်ပါတယ်။

ဖန်ဟော်ကင်စ်ရဲ့ လက်သူကြွယ်က လက်ထပ် လက်စွပ်(The Sun)

မက်ဂွဲယားတို့ စုံတွဲဟာ ဆယ်ကျော်သက် အရွယ်ကတည်းက ချစ်ကြိုက်ခဲ့ကြတာဖြစ်ပြီး တွဲလာတာ ဆယ်စုနှစ် တစ်ခုကျော် ရှိလာပြီလည်း ဖြစ်တာပါ။ သူတို့ နှစ်ဦးဟာ ၂၀၁၈ က စေ့စပ်ခဲ့ကြတာ ဖြစ်ပါတယ်။

သတင်းရင်းမြစ်တစ်ခုက “သူတို့ဟာ ပြင်သစ်မှာ ကျင်းပမယ့် မင်္ဂလာပွဲမတိုင်ခင် တရားဝင် လက်ထပ်မှု ပြုလုပ်ဖို့ လိုချင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကိုလည်း သူတို့ရဲ့ နေ့ထူးနေ့ရက်အဖြစ် မြင်နေကြတာပါ။ အံ့သြစရာ ကောင်းပါလိမ့်မယ်”လို့ ပြောခဲ့တာ ဖြစ်ပါ တယ်။

မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်နောက်ခံလူ မက်ဂွဲယား ဟာ ဒီရာသီမှာ ခြေစွမ်းပိုင်း ဆိုးရွားနေတာကြောင့် ဝေဖန်မှု တွေ ခံနေရပြီး အသင်းခေါင်းဆောင် ရာထူးက လျှော့ချဖို့ ပရိသတ်တွေရဲ့ တောင်းဆိုခြင်းကို ခံခဲ့ရတာပါ။

နည်းပြသစ် အဲရစ်တန်ဟတ် ရောက်ရှိလာခဲ့ရင် မက်ဂွဲယား ဟာ အသင်းခေါင်းဆောင် လက်ပတ်ကို အသင်းဖော်တစ်ဦးကို လွှဲပြောင်း ပေးရဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။

Source: The Sun