CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂

ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့ဖို့ ချဉ်းကပ်မှုရရှိခဲ့တယ်လို့ ပေါ်တူဂီမီဒီယာတွေက ဖော်ပြထားပါတယ်။ 

ဘရူနိုဖာနန်ဒက်စ်ဟာ နွေရာသီ အပြောင်းအရွှေ့ အစောပိုင်းက ပေါင်သန်း ၂၀၀ တန်ကြေးရှိတဲ့ ၃ ရာသီ စာချုပ်အတွက် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် ပယ်ချခဲ့တာပါ။ 

ပေါ်တူဂီသတင်း A Bola က အယ်လ်နာဆာအသင်းဟာ ဒီရက်သတ္တပတ်ထဲမှာ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

စပို့တင်းလစ္စဘွန်းအသင်းမှာ ဘရူနိုဖာနန်ဒက်စ်နဲ့ တစ်ရာသီ လက်တွဲခဲ့တဲ့ အယ်လ်နာဆာအသင်းနည်းပြ ဂျော့ချ်ဂျီးဆပ်စ်က ယူနိုက်တက်အသင်း ခေါင်းဆောင်ကို ခေါ်ယူပေးဖို့ အသင်းကို ကိုယ်တိုင် တွန်းအားပေးခဲ့ တယ်လို့ သိရပါတယ်။ 

 

ဘရူနိုဖာနန်ဒက်စ်ကိုတွေ့ရစဉ်

အယ်လ်နာဆာအသင်းမှာ ဂျော့ချ်ဂျီးဆပ်စ်နဲ့အတူ ပေါ်တူဂီအသင်းဖော် ရော်နယ်ဒို တို့ရှိနေတာကြောင့် ဘရူနိုဖာနန်ဒက်စ်ကို အသင်းထံ လာရောက်အောင် ဆွဲဆောင်နိုင်မယ်လို့ ကလပ်အသင်းဘက်က ယုံကြည် နေတာပါ။ 

အယ်လ်နာဆာအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဘရူနိုဖာနန်ဒက်စ်ရဲ့ ပေါ်တူဂီအသင်းဖော် ဂျာအိုဖီးလစ်ကို ချယ်လ်ဆီးအသင်းကနေ ယူရိုသန်း ၅၀ နဲ့ ခေါ်ယူထားတာ ဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းနဲ့အတူ အမေရိကန် ရာသီကြို ခရီးစဉ် နောက်ဆုံးပွဲ ဖြစ်တဲ့ အဲဗာတန်အသင်းနဲ့ပွဲကစားဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။ 

ဘရူနိုဖာနန်ဒက်စ်နဲ့ ယူနိုက်တက်အသင်းရဲ့စာချုပ်ဟာ ၂၀၂၇ ခုနှစ် ရာသီကုန်အထိရှိနေပြီး အသင်းဘက်က သူ့ကို ရောင်းချဖို့ အစီအစဉ်မရှိတာဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ဘရူနိုဖာနန်ဒက်စ် အသင်းမှာ ရှိနေဖို့က အရေးကြီးတယ်လို့ ပြောထားတာပါ။

အသက် ၃၀ နှစ်အရွယ်ရှိ ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၂၉၀ ပါဝင် ကစားထားပြီး ၉၈ ဂိုး သွင်းယူထားကာ ကာရာဘောင်းဖလားနဲ့ FA ဖလား ၁ ကြိမ်စီ ရရှိထားတာဖြစ်ပါတယ်။ 

Source: Metro