CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၃
စပါးအသင်းနည်းပြသစ် ဒီဇာဘီက အသင်းဟာ လာမယ့်ရာသီ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရှိနေရင်တောင် သူဆက်ပြီး ကိုင်တွယ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
ဒီဇာဘီက “ကျနော့်အတွက် ဒါဟာ ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်တာကြောင့် ၅ နှစ် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဘာတွေ ပဲ ဖြစ်ဖြစ်ပါ ကျနော်ဟာ လာမယ့်ရာသီ စပါးအသင်းနည်းပြ အဖြစ် ဆက်ရှိနေမှာပါ။ တော့တင်ဟမ်မှာ ရှိတဲ့ လူတိုင်းအတွက် ခက်ခဲတဲ့အချိန် ဖြစ်ပေမယ့် ဒီအခိုက်အတန့်ကနေ ထွက်ခွာနိုင်ဖို့ ကျနော်တို့မှာ အရည်အချင်းတွေ ရှိတယ်လို့ ထင်ပါတယ်။ ကျနော် ကစားသမားတွေကို ယုံကြည်ပြီး တစ်ပွဲချင်းစီ အနိုင်ရဖို့ ပြင်ဆင်သွားမယ်”လို့ ပြောခဲ့တာပါ။
၁၉၇၇ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထိပ်တန်းလိဂ်ကနေ တန်းမဆင်းရအောင် ရုန်းကန်နေရတဲ့ စပါး အသင်းဟာ ထွက်ခွာသွားတဲ့ နည်းပြတူဒေါရဲ့ နေရာမှာ ဘရိုက်တန်အသင်း နည်းပြဟောင်း ဒီဇာဘီကို နည်းပြသစ် အဖြစ် ကာလရှည် စာချုပ်ချုပ်ကာ ခန့်အပ်ခဲ့ပါတယ်။
ဒီဇာဘီဟာ စပါးအသင်းကို ပရီးမီးယားလိဂ်မှာ ဆက်ပြီး ရှိနေနိုင်အောင် ကိုင်တွယ်ပေးဖို့ ၇ ပွဲသာ ကျန်ရှိတော့ တာပါ။
စပါးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၃၁ ပွဲ ကစားအပြီးမှာ ရမှတ် ၃၀ သာရရှိကာ တန်းဆင်းဇုန်နဲ့ ၁ မှတ် အကွာ အဆင့် ၁၇ နေရာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ဒီဇာဘီကို တွေ့ရစဉ်
စပါးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၀၂၆ ခုနှစ်ထဲ နိုင်ပွဲတစ်ပွဲမှ ရယူနိုင်ခြင်း မရှိသေးတာပါ။
ဒီဇာဘီဟာ စပါးအသင်းကို ပရီးမီးယားလိဂ်မှာ ဆက်ပြီး ရှိနေနိုင်အောင် ကိုင်တွယ်ပေးဖို့ ရည်မှန်းထားသလို ချန်ပီယံရှစ်ထံ တန်းဆင်းခဲ့ရင်လည်း လာမယ့်ရာသီ ကိုင်တွယ်ပေးမယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် မာဆေးလ်အသင်းကို ကိုင်တွယ်ချိန်က တိုက်စစ်မှူး ဂရင်းဝုဒ်အပေါ် ပေးခဲ့တဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး စိတ်ပျက်နေကြတဲ့ စပါးအသင်း ပရိသတ်တွေကို ဒီဇာဘီက တောင်းပန်မှု ပြုလုပ်ခဲ့ပါတယ်။
ဒီဇာဘီဟာ ဂရင်းဝုဒ်ကို ထောက်ခံခဲ့တာကြောင့် သူ့ကို အသင်းနည်းပြအဖြစ် မခန့်အပ်မီကတည်းက စပါးအသင်း ပရိသတ် အများအပြားရဲ့ ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
ဒီဇာဘီဟာ စပါးအသင်း နည်းပြဘဝ ပထမဆုံးပွဲအဖြစ် ဧပြီလ ၁၂ ရက်မှာ ယှဉ်ပြိုင်မယ့် ဆန်းဒါးလန်းအသင်းနဲ့ ပွဲကို စတင်ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။
Source: CNA
