CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၃
အီတလီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃ ကြိမ်ဆက် မပါဝင်နိုင်ခဲ့ပြီးနောက် အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာနဲ့ အသင်း ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ ဘူဖွန်တို့ဟာ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို အီတလီအသင်း မအောင်မြင်ခဲ့တာကြောင့် အီတလီ အားကစားဝန်ကြီး အက်ဘိုဒီ က ဘောလုံးအဖွဲ့ချုပ် အကြီးအကဲကို အပြောင်းအလဲ ပြုလုပ်ဖို့ ပြောလာခဲ့တာပါ။
အဲ့ဒါကြောင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလကတည်းက FIGC ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဂရာဗီနာဟာ အစည်း အဝေး ပြုလုပ်ပြီးနောက် ရာထူးကနေ နုတ်ထွက်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။
၂၀၀၆ ကမ္ဘာ့ဖလား ချန်ပီယံ အီတလီအသင်းရဲ့ ဂိုးသမားဖြစ်ခဲ့တဲ့ ဘူဖွန်ကလည်း ဂရာဗီနာရဲ့ တာဝန်ယူမှု လုပ်ရပ် အတိုင်းပဲ သူလည်း ရာထူးကနေ နုတ်ထွက်ကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

အီတလီအသင်းကို တွေ့ရစဉ်
ဂတ်တူဆိုကို နည်းပြအဖြစ် ခန့်အပ်မှုမှာ အဓိက ပါဝင်ခဲ့တဲ့ ဘူဖွန်က အီတလီအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲထံ ပြန်လည်ပို့ဆောင်ပေးချင်တဲ့ အဓိကရည်မှန်းချက် မအောင်မြင်ခဲ့တဲ့အတွက် နုတ်ထွက်တာဟာ မျှတပါတယ်လို့ ပြောခဲ့ပါတယ်။
အီတလီအသင်းကို ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်အောင် ကိုင်တွယ်ပေးနိုင်ခြင်း မရှိတဲ့ နည်းပြ ဂတ်တူဆိုလည်း ရာထူးကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။
အီတလီအသင်းဟာ ဂရာဗီနာရဲ့ လက်ထက်မှာ ယူရို ၂၀၂၀ ချန်ပီယံဆု ရယူနိုင်ခဲ့တာကလွဲပြီး ကျန်တဲ့ပြိုင်ပွဲကြီး တွေမှာ အောင်မြင်မှု ရယူနိုင်ခဲ့ခြင်း မရှိတာပါ။
အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)ရဲ့ ဥက္ကဋ္ဌသစ် ရွေးချယ်မှုအတွက် မဲပေးမှုကို ဇွန်လ ၂၂ ရက်မှာ ကျင်းပဖို့ စီစဉ် ထားပြီး အီတလီ အိုလံပစ်ကော်မတီ အကြီးအကဲဟောင်း ဂျီယိုဗန်နီမာလာဂိုက ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
Source: BBC
