CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃
အဲဗာတန်အသင်းဟာ မန်စီးတီးအသင်းကနေ အငှားနဲ့လာရောက်ကစားနေတဲ့ အင်္ဂလန်တောင်ပံကစားသမား ဂရီလစ်ရှ်ကို အပြီးသတ်ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှုရှိနေပါတယ်။
အဲဗာတန်အသင်းအကြီးအကဲတွေဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်ကျန်ရှိနေသေးတဲ့ ဂရီလစ်ရှ်ကို အသင်းမှာ ဆက်ထိန်းသိမ်းဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။
ဂရီလစ်ရှ်ဟာ အဲဗာတန်အသင်းမှာ ခြေစွမ်း ပြသနေပေမယ့် ဇန်နဝါရီလမှာတင် ဒဏ်ရာကြောင့် ရာသီကို စောစီးစွာ အဆုံးသတ်ခဲ့ရတာပါ။
ခွဲစိတ်မှုခံယူထားတဲ့ ဂရီလစ်ရှ်ဟာ အဲဗာတန်အသင်းမှာ ပြန်လည်ထူထောင်မှုတွေပြုလုပ်နေတာကြောင့် ကလပ် အသင်းက ဒါဟာ သူ့ကို ခေါ်ယူနိုင်ဖို့ အလွန်အပြုသဘောဆောင်တဲ့ လက္ခဏာတစ်ရပ်အဖြစ် မြင်နေပါတယ်။
ဂရီလစ်ရှ်ရဲ့တစ်ပတ်လုပ်ခလစာပေါင် ၃ သိန်းဟာ အပြောင်းအရွှေ့အတွက် အတားအဆီးတစ်ခုလိုဖြစ်နိုင်ပေမယ့် အဲဗာတန်အသင်းဟာ သူ့ကိုအငှားနဲ့ခေါ်ယူဖို့ ပေါင် ၁၂ သန်း သုံးနိုင်ခဲ့ပါတယ်။

ဒါ့အပြင်အဲဗာတန်အသင်းဟာ ကွင်းသစ်ကို ပြောင်းရွှေ့ပြီးကတည်းက ဘဏ္ဍာရေးဆိုင်ရာအခြေအနေကလည်း သိသိသာသာ တိုးတက်လာခဲ့တာပါ။
အဲဗာတန်အသင်းဟာ ဂရီလစ်ရှ်ကို ပေါင်သန်း ၅၀ နဲ့ဝယ်ယူဖို့ ရွေးချယ်ခွင့် ရှိပေမယ့် စာချုပ်သက်တမ်း ၁၂ လသာကျန်ရှိတော့တဲ့ ကစားသမားတစ်ဦးအတွက် ပေါင်သန်း ၂၀ ဝန်းကျင် လောက်ပဲ အသုံးပြုချင်နေတာ ဖြစ်ပါတယ်။
အဲဗာတန်အသင်းနည်းပြဒေးဗစ်မိုယက်စ်ဟာ ပရိသတ်တွေရဲ့နှစ်သက်မှုကို ရရှိထားတဲ့ ဂရီလစ်ရှ်ကို အသင်းမှာ ဆက်ရှိစေဖို့ ဆန္ဒရှိနေတာပါ။
ဂရီလစ်ရှ်ဟာ အဲဗာတန်အသင်းအတွက် ကစားခဲ့တဲ့ ၂၂ ပွဲမှာ ၂ ဂိုးသွင်းပြီး ဂိုး ဖန်တီးမှု ၆ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။
