CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၃

အဲဗာတန်အသင်းဟာ မန်စီးတီးအသင်းကနေ အငှားနဲ့ခေါ်ယူထားတဲ့ အင်္ဂလန်တောင်ပံ ကစားသမား ဂရီလစ်ရှ်ကို အငှားစာချုပ်ကုန်ဆုံးချိန်မှာ ပေါင်သန်း ၅၀ အောက်နဲ့ အပြီးသတ် ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ 

ဂရီလစ်ရှ်ဟာ မန်စီးတီးအသင်းမှာ ပွဲကစားခွင့်တွေ ဆုံးရှုံးခဲ့ပြီးနောက် နွေရာသီ အပြောင်းအရွှေ့မှာ အဲဗာတန် အသင်းထံ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ 

ဂရီလစ်ရှ်ဟာ အဲဗာတန်အသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲမှာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အသင်းပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဂရီလစ်ရှ်ဟာ အဲဗာတန်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် သြဂုတ်လအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့တာပါ။ 

ဂရီလစ်ရှ်ဟာ ဒီဆုကို သူ့ရဲ့ ကစားသမားဘဝမှာ ပထမဆုံးအကြိမ် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ 

အဲဗာတန်အသင်းဟာ ဂရီလစ်ရှ်ရဲ့ ခြေစွမ်းကို နှစ်သက်နေတာကြောင့် အပြီးသတ် ခေါ်ယူနိုင်ဖို့ စိတ်အား ထက်သန်နေပြီး အငှားစာချုပ်ထဲမှာ ပေါင်သန်း ၅၀ နဲ့ ဝယ်ယူဖို့အတွက် ရွေးချယ်ခွင့်ရှိနေတာပါ။ 

ဂရီလစ်ရှ်ကို တွေ့ရစဉ် 

အဲဗာတန်အသင်းကတော့ ဒီပြောင်းရွှေ့ကြေး ပမာဏထက် လျော့နည်းတဲ့ ပြောင်းရွှေ့ကြေးနဲ့ ဂရီလစ်ရှ်ကို အပြီးသတ် ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။ 

ဂရီလစ်ရှ်နဲ့ မန်စီးတီးအသင်းရဲ့ စာချုပ်ဟာ လာမယ့် နွေရာသီဆိုရင် တစ်နှစ်သာ ကျန်ရှိတော့မှာဖြစ်လို့ အဲဗာတန် အသင်းဟာ အင်္ဂလန်ကစားသမားကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှုရှိနေတာပါ။ 

ဂရီလစ်ရှ်ဟာ အဲဗာတန်အသင်းမှာ ပြသနေတဲ့ သူ့ရဲ့ခြေစွမ်းကို ဆက်ထိန်းပြီး အင်္ဂလန်အသင်း လူစာရင်းထဲမှာ ပြန်လည်ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ 

ဂရီလစ်ရှ်ဟာ ပြီးခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ အသင်းလူစာရင်းထဲ ပါဝင်ခဲ့ခြင်း မရှိတာပါ။ 

ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ၂ ပွဲ အနိုင်ရရှိထားတဲ့ အဲဗာတန်အသင်းဟာ စက်တင်ဘာ ၁၃ ရက်မှာ လိဂ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။  

Source: Dailymail