CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၃

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ အသင်းခေါင်းဆောင် ဂူဟီကို ရောင်းချမယ့် အခြေအနေနဲ့ ပတ်သက်ပြီး ကလပ်အသင်းကနေ ထွက်ခွာဖို့ ဘယ်တုန်းကမှ ခြိမ်းခြောက်ခဲ့ခြင်း မရှိဘူးလို့ နည်းပြ ဂလက်စ်နာက ပြောခဲ့ပါတယ်။ 

ဂလက်စ်နာက “ဒီအကြောင်းကို ပြောချင်တာ နောက်ဆုံးအကြိမ်လို့ ထင်ပါတယ်။ ကျနော် ကလပ်ကနေ ထွက်ခွာ မယ်လို့ ဘယ်တုန်းကမှ မခြိမ်းခြောက်ခဲ့ပါဘူး။ ဘယ်သူ့ကိုမှ ခြိမ်းခြောက်ဖို့ မလိုပါဘူး။ ကျနော်နဲ့အသင်းဥက္ကဋ္ဌ ကြားမှာလည်း ဆိုးရွားတဲ့ တင်းမာမှုတွေ မရှိပါဘူး။ ဒါဟာ အားကစားနဲ့ပတ်သက်တဲ့ ဆွေးနွေးမှုသာဖြစ်ပြီး သူဟာ ငွေကြေးနဲ့ ခရစ္စတယ်ပဲလေ့စ်ရဲ့အားကစားအမြင်အတွက် ဒါကို ငြင်းပယ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။ 

အင်္ဂလန်နောက်ခံလူ ဂူဟီဟာ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းဟာ သူ့ရဲ့နေရာမှာ အစားထိုးဖို့ အဆင်မပြေခဲ့တာကြောင့် ဒီအပြောင်းအရွှေ့ဟာ ပျက်ပြယ်ခဲ့ပါတယ်။ 

ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ဂလက်စ်နာဟာ ဂူဟီကို ထွက်ခွာခွင့်ပေးခဲ့ရင် အသင်းကနေ သူထွက်ခွာမယ် ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် သူကတော့ ဒါကို ငြင်းခဲ့တာပါ။ 

ဂူဟီကို တွေ့ရစဉ် 

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဂူဟီကို နွေရာသီမှာ မရောင်းချနိုင်ခဲ့တာကြောင့် ရာသီအကုန်မှာ အလွတ်နဲ့ဆုံးရှုံးရ မယ့် အခြေအနေမှာ ရှိနေပါတယ်။ 

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ တူးလော့စ်အသင်း ဗဟိုနောက်ခံလူ ကန်ဗော့ကို ၄ နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပြီး ဂီတာဖေးအသင်း တိုက်စစ်မှူး အူချီကို ရာသီကုန်အထိ အငှားနဲ့ခေါ်ယူ ခဲ့တာပါ။ 

ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ဂလက်စ်နာက ဂူဟီဟာ အလွန်ကောင်းမွန်တဲ့ ကစားသမားဖြစ်သလို ကောင်းမွန်တဲ့ စရိုက်လက္ခဏာရှိပြီး သူအသင်းမှာရှိနေတဲ့ အချိန်အထိ အသင်းခေါင်းဆောင်အဖြစ် ရှိနေမယ်လို့ ပြောခဲ့ပါတယ်။ 

ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ရှုံးပွဲမရှိသေးတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ စက်တင်ဘာ ၁၃ ရက်မှာ လိဂ်ပွဲစဉ်အဖြစ် ဆန်းဒါးလန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: BBC