မန်စီးတီးမှာ တစ်ဦးတည်း လေ့ကျင့်မှုပြုလုပ်ဖို့ ဂရီလစ်ရှ် ပြန်လာ
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉
နွေရာသီအပြောင်းအရွှေ့မှာ မန်စီးတီးအသင်းကနေ ထွက်ခွာမယ့် တောင်ပံကစားသမား ဂရီလစ်ရှ်ဟာ အသင်းမှာ တစ်ဦးတည်း ရာသီကြို လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ပြန်လာခဲ့ပါတယ်။
မန်စီးတီးအသင်းဖော်တွေဟာ အားလပ်ရက် ဖြတ်သန်းနေချိန်မှာ ဂရီလစ်ရှ်ဟာ အသင်းထံ ပြန်လာပြီး လေ့ကျင့်မှု တွေ ပြုလုပ်မှာပါ။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၁၆ သင်းအဆင့်မှာ အယ်လ်ဟီလယ်အသင်းကို အရေးနိမ့်ကာ ထွက်ခွာခဲ့ပြီးနောက် နွေရာသီ အားလပ်ရက်ကို ဖြတ်သန်းနေကြတာ ဖြစ်ပါတယ်။
ဂရီလစ်ရှ်ဟာ ဒီပြိုင်ပွဲအတွက် မန်စီးတီးအသင်းရဲ့ လူစာရင်းမှာ ချန်လှပ်ခံခဲ့ရတာကြောင့် အနားယူမှု ပြုလုပ်ထား ပြီး ဖြစ်တာပါ။
နွေရာသီကာလ တစ်လျှောက်လုံး ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးဖြစ်နေဖို့ နည်းပြတစ်ဦးနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ တဲ့ ဂရီလစ်ရှ်ဟာ ဒီရက်သတ္တပတ်ထဲ မန်စီးတီးအသင်းထံ ပြန်လာချိန်မှာ တစ်ဦးတည်း လေ့ကျင့်မှုတွေ ပြုလုပ် သွားမယ်လို့ The Telegraph က ဖော်ပြထားပါတယ်။
ပုံစာ- ဂရီလစ်ရှ်ကို တွေ့ရစဉ်
လွန်ခဲ့တဲ့ ၄ နှစ်က အက်စတွန်ဗီလာအသင်းကနေ ပေါင်သန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂရီလစ်ရှ်ဟာ နွေရာသီ အစပိုင်းကတည်းက မန်စီးတီးအသင်းကနေ ထွက်ခွာနိုင်တယ်လို့ သတင်းထွက်ခဲ့ပေမယ့် အပြောင်းအရွှေ့ကို အကောင်အထည် ဖော်နိုင်ခြင်းမရှိသေးပါဘူး။
မန်စီးတီးအသင်း နည်းပြ ဂွာဒီယိုလာက ဂရီလစ်ရှ်ဟာ ပွဲကစားချိန် လိုအပ်တဲ့အတွက် အသင်းကနေ ထွက်ခွာတာ ဟာ သူ့အတွက် အကောင်းဆုံးဖြစ်မယ်လို့ အကြံပြုထားပါတယ်။
မန်စီးတီးအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်း ရရှိနေတဲ့ ဂရီလစ်ရှ်ရဲ့ စာချုပ်ဟာ ၂ နှစ် ကျန်ရှိနေသေးတာပါ။
ဂရီလစ်ရှ်ကို ခေါ်ယူဖို့ နာပိုလီအသင်းအပြင် အဲဗာတန်၊ ဝက်စ်ဟမ်းနဲ့ အသင်းဟောင်း အက်စတွန်ဗီလာ အသင်းတို့က စိတ်ဝင်စားနေပေမယ့် သူ့ရဲ့ကြီးမားတဲ့ လုပ်ခလစာကို ပေးချေဖို့ ဆန္ဒမရှိတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဂရီလစ်ရှ်ကို အပြီးသတ် ရောင်းချဖို့ အဆင်မပြေခဲ့ရင် အငှားကမ်းလှမ်းမှုတွေကို နားထောင်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
အင်္ဂလန်အသင်းနည်းပြ တူချယ်လ်ကတော့ ဂရီလစ်ရှ်အနေနဲ့ လက်ရွေးစင်အသင်း လူစာရင်းထဲ ပါဝင်ချင်ရင် ပုံမှန်ပွဲကစားခွင့်ရဖို့ လိုအပ်တယ်လို့ သတိပေးထားတာကြောင့် ဂရီလစ်ရှ်အနေနဲ့ ပုံမှန်ကစားခွင့် ရနိုင်မယ့် အသင်းကို ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။
Source: Dailymail