CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉

ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ရဲ့ လေဗာကူဆင်အသင်း နည်းပြဘဝ ပထမဆုံးပွဲစဉ်ဟာ ဂိုးပြတ်ရှုံးနိမ့်မှုနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် သူဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေ ခံခဲ့ရပါတယ်။

လေဗာကူဆင်အသင်းဟာ ဖလာမင်ဂို ယူ-၂၀ အသင်းနဲ့ ကစားခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ ၅ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာပါ။ 

လေဗာကူဆင်အသင်းဟာ ဒီပွဲရဲ့ပွဲချိန်မိနစ် ၇၀ အထိ ဖလာမင်ဂိုအသင်းကို ၅ ဂိုးပြတ်နဲ့ အရေးနိမ့်နေခဲ့ပြီး ပွဲချိန် ၇၁ မိနစ်မှာ ချေပဂိုး သွင်းယူနိုင်ခဲ့တာကြောင့်သာ သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာက ယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ အဲရစ်တန်ဟတ်ဟာ ရီးရယ်လ် အသင်းကို ကိုင်တွယ်ဖို့ ထွက်ခွာခဲ့တဲ့ ဇာဘီအလွန်ဆိုရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ဖို့ လေဗာကူဆင်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရတာပါ။ 

လေဗာကူဆင်အသင်းဟာ ဒီနွေရာသီမှာ နောက်ခံလူ ဂျိုနသန်တက်ကို ဘိုင်ယန်မြူးနစ်အသင်းထံ အလွတ်နဲ့ ဆုံးရှုံးခဲ့သလို အဓိက ကစားသမားတွေဖြစ်တဲ့ ဖလော်ရီယန်ဗစ်ဇ်နဲ့ ဖရင်ပေါင်တို့နှစ်ဦးကို လီဗာပူးလ်အသင်းထံ ပေါင် ၁၄၅.၅ သန်းနဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ 

အဲရစ်တန်ဟတ်ကို တွေ့ရစဉ်

၂၀၂၃-၂၄ ရာသီ ဘွန်ဒက်လီဂါ ချန်ပီယံ လေဗာကူဆင်အသင်းဟာ ဖလက်ခန်၊ကွမ်ဆာနဲ့ တေးလ်မန်းတို့ကို ပြန်လည်အားဖြည့်ခဲ့တာပါ။

လေဗာကူဆင်အသင်းဟာ ရာသီသစ် မစတင်မီ ပထမဆုံးကစားခဲ့တဲ့ ဖလာမင်ဂို လူငယ်အသင်းနဲ့ ခြေစမ်းပွဲမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့အတွက် နည်းပြအဲရစ်တန်ဟတ်ဟာ လှောင်ပြောင်ခံခဲ့ရပေမယ့် သူကတော့ ရာသီကြို ရလဒ်တွေကို ဂရုစိုက်မှာမဟုတ်ဘဲ ကစားသမားတွေ ဒဏ်ရာမရရှိဖို့က သူ့ရဲ့ဦးစားပေး ဖြစ်တယ်လို့ ပြောခဲ့ပါ တယ်။ 

လေဗာကူဆင်အသင်းဟာ နောက်ထပ် ရာသီကြို ခြေစမ်းပွဲတွေအဖြစ် ဘိုချန်၊ ဖော်တူနာ၊ ပီဆာ၊ ချယ်လ်ဆီး အသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာပါ။

လေဗာကူဆင်အသင်းဟာ ရာသီသစ် ဘွန်ဒက်လီဂါ ပထမဆုံးပွဲစဉ်အဖြစ် ဟော်ဖန်ဟိမ်းအသင်းနဲ့ အိမ်ကွင်း ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Dailymail