CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉

ချယ်လ်ဆီးအသင်းကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ အင်္ဂလန်ကြယ်ပွင့် မာဒူကီက သူဟာ အာဆင်နယ်အသင်းနဲ့အတူ ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတိုင်း အနိုင်ယူချင်တယ်လို့ ပြောခဲ့ပါတယ်။

မာဒူကီက “ကျနော်တို့ ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတိုင်း အနိုင်ယူချင်တာက ကျနော့်ရဲ့ ရည်မှန်းချက်ပါ။ ကျနော်တို့ဒါကို သေချာပေါက် လုပ်နိုင်မယ်လို့လည်း ကျနော်ခံစားရပါတယ်။ ကျနော်ဟာ တတ်နိုင်တဲ့ နည်းလမ်းပေါင်းစုံနဲ့ အသင်းကို ကူညီဖို့ ကြိုးစားသွားမှာပါ။ ဒီအပြောင်းအရွှေ့အတွက် ပျော်ရွှင်ပြီး ဂုဏ်လည်းယူမိပါတယ်။ ကောင်းမွန် တဲ့ ကစားသမားတစ်ဦး အနေနဲ့သာမကဘဲ ကောင်းမွန်တဲ့ လူပုဂ္ဂိုလ်ဖြစ်ဖို့လည်း လုပ်ဆောင်သွားမှာပါ”လို့ ပြောခဲ့တာပါ။

အာဆင်နယ်အသင်းဟာ မာဒူကီကို ပြောင်းရွှေ့ကြေးပေါင် ၄၈ သန်း၊ add-ons ပေါင် ၄ သန်းနဲ့ ခေါ်ယူပြီး ၅ နှစ် စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

မာဒူကီဟာ အာဆင်နယ်အသင်းမှာ ကျောနံပါတ် ၂၀ ဝတ်ဆင်သွားမှာပါ။ 

မာဒူကီဟာ ပြီးခဲ့တဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချယ်လ်ဆီးအသင်း လူစာရင်းထဲ ပါဝင်ခဲ့ပေမယ့် PSG အသင်းကို အနိုင်ရခဲ့တဲ့ ဗိုလ်လုပွဲမတိုင်မီ အသင်းရဲ့စခန်းကနေ ထွက်ခွာကာ အာဆင်နယ်အသင်းထံ အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

 မာဒူကီနဲ့ အာဆင်နယ်အသင်း စာချုပ်ချုပ်နေစဉ်

အာဆင်နယ်အသင်း နည်းပြ အာတီတာက မာဒူကီဟာ အသက် ၂၃ နှစ်ပဲ ရှိသေးပေမယ့် ကလပ်နဲ့ နိုင်ငံတကာ အတွေ့အကြုံတွေ ပိုင်ဆိုင်ထားပြီး ပရီးမီးယားလိဂ် အကြောင်းကိုလည်း ကောင်းမွန်စွာ သိတဲ့သူလို့ ပြောခဲ့တာပါ။ 

ဒါအပြင် အာတီတာက ပြီးခဲ့တဲ့ရာသီတွေအတွင်းမှာ မာဒူကီရဲ့ အရည်အသွေးတွေကို အနီးကပ် မြင်တွေ့ခဲ့ ရတာကြောင့် သူရောက်ရှိလာမှုဟာ အသင်းရဲ့လူစာရင်းကို ပိုပြီးတိုးတက်စေမယ်လို့ ပြောခဲ့ပါတယ်။

မာဒူကီဟာ နွေရာသီ အပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းကို ရောက်ရှိလာတဲ့ ၄ ဦးမြောက် ကစားသမားဖြစ် ပြီး သူမတိုင်မီမှာ ဇူဘီမန်ဒီ၊ ကယ်ပါနဲ့ နော်ဂတ်တို့ ရောက်ရှိထားတာပါ။

အာဆင်နယ်အသင်းဟာ ဗလင်စီယာအသင်း နောက်ခံလူ မိုစကွီယာနဲ့ စပို့တင်းလစ္စဘွန်းအသင်း တိုက်စစ်မှူး ယိုကီရက်စ်တို့ရဲ့ အပြောင်းအရွှေ့ကိုလည်း ကြေညာဖို့ရှိနေတာ ဖြစ်ပါတယ်။ 

Source: BBC