ပရီးမီးယားလိဂ်ထံ ပြောင်းရွှေ့ဖို့ ဇာဗီဆိုင်မွန်ဆန္ဒရှိ 

CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉

အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းရဲ့ စောင့်ကြည့်မှုတွေ ခံနေရတဲ့ လိုက်ပ်ဇစ်အသင်း ကြယ်ပွင့် ဇာဗီဆိုင်မွန်ဟာ ပရီးမီးယားလိဂ်ထံ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ Bild သတင်းမှာ ဖော်ပြထားပါတယ်။

လိုက်ပ်ဇ်စ်အသင်းဟာ PSG အသင်းကနေ အငှားနဲ့ လာရောက်ကစားတာ ၁၈ လကြာမြင့်ခဲ့ပြီဖြစ်တဲ့ ဇာဗီဆိုင်မွန်ကို ဇန်နဝါရီမှာ ကနဦး ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ နဲ့ အပြီးသတ် ခေါ်ယူခဲ့တာပါ။ 

ဒါပေမယ့် လိုက်ပ်ဇစ်အသင်းဟာ ရာသီသစ်မှာ ဥရောပဝင်ခွင့် ဆုံးရှုံးခဲ့တာကြောင့် အသင်းဟာ အဓိက ကစားသမားတွေဖြစ်တဲ့ ဇာဗီဆိုင်မွန်နဲ့ ဆက်စ်ကိုတို့နှစ်ဦးထဲက အနည်းဆုံးတစ်ဦးကို ရောင်းချဖို့ လမ်းဖွင့်ထားတာ ဖြစ်ပါတယ်။

ဇာဗီဆိုင်မွန်ကို ခေါ်ယူဖို့ အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့အပြင် ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ကလည်း စိတ်ဝင်စားနေတာပါ။ 

ဇာဗီဆိုင်မွန်ကိုတွေ့ရစဉ်

ပြီးခဲ့တဲ့ရက်ပိုင်းက ဘာစီလိုနာအသင်း အားကစားဒါရိုက်တာ ဒေကိုဟာ ဇာဗီဆိုင်မွန်ရဲ့ အစ်ကိုဖြစ်သူ၊ အကြံပေး ဖြစ်သူတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ 

လိုက်ပ်ဇစ်အသင်းဟာ ဇာဗီဆိုင်မွန်ကို ခေါ်ယူခဲ့တုန်းက သုံးစွဲခဲ့တဲ့ ယူရိုသန်း ၅၀ ကို ပြန်လည်လိုချင်နေပြီး ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေး အခက်အခဲကြောင့် အပြောင်းအရွှေ့ သဘောတူညီမှုရယူနိုင်ဖို့ ခက်ခဲနေတာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဇာဗီဆိုင်မွန်ကို ခေါ်ယူချင်ကြောင်း ပြသထားပေမယ့် လီဗာပူးလ်အသင်းက ဒီယက်ဇ် နဲ့ စတုဂတ်အသင်းက ဝိုလ်တီမာဒီကို ဦးစားပေး ခေါ်ယူချင်နေတာဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူဖို့ ပေါင် ၅၈.၆ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာကို လီဗာပူးလ်အသင်းက ပယ်ချထားတာပါ။ 

အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ဇာဗီဆိုင်မွန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် လိုက်ပ်ဇစ်အသင်းကို ချဉ်းကပ်မှု မပြုလုပ်ရသေးပါဘူး။

အသက် ၂၂ နှစ်အရွယ်ရှိ ဇာဗီဆိုင်မွန်ဟာ လိုက်ပ်ဇစ်အသင်းအတွက် ၇၆ ပွဲ ပါဝင်ကစားထားပြီး ၂၁ ဂိုးသွင်းယူကာ ဂျာမန်စူပါဖလား ၁ ကြိမ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

Source: Metro