CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၃၁

အီတလီအသင်းနည်းပြ ဂတ်တူဆိုက ကမ္ဘာ့ဖလား ပလေးအော့ဖ် ဗိုလ်လုပွဲအဖြစ် ဘော့စနီးယားမှာ သူ့အသင်း ရင်ဆိုင်ရမယ့် ကွင်းအခြေအနေနဲ့ ပရိသတ် အခြေအနေတွေအပေါ် စိုးရိမ်မှုတွေကို ပယ်ချခဲ့ပါတယ်။ 

ဂတ်တူဆိုက “ဒါက ဆင်ခြေတွေပါ။ ကွင်းအခြေအနေ ဆိုးရွားရင် ၂ သင်းစလုံးအတွက် ဆိုးရွားမှာဖြစ်ပြီး ပွဲက တော့ ဆက်ကစားရမှာပါ။ ကွင်းကို ကျနော် မြင်တွေ့ပြီးပါပြီ၊ အဆင်ပြေပါတယ်။ ကွင်းထဲမှာ သူတို့ပြသခဲ့တဲ့ အရာတွေအတွက် ဘော့စနီးယားအပေါ် ကျနော်တို့ထားတဲ့ လေးစားမှုကဘကြီးမားပါတယ်။ ပရိသတ်တွေ အကြောင်းပြောရရင် သူတို့က ဂိုးတွေသွင်းတဲ့သူတွေ မဟုတ်ပါဘူး။ ကျနော့်အတွက် ဒီလိုမျိုးက ဘယ်တော့မှ မဖြစ်ခဲ့ပါဘူး”လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

၂၀၁၄ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရဖို့ ပစ်မှတ်ထားနေတဲ့ အီတလီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ဝင်ခွင့်ဖြစ်တဲ့ ပလေးအော့ဖ် ဗိုလ်လုပွဲအဖြစ် ဘော့စနီးယားအသင်းနဲ့ ဇီနီကာမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

အီတလီအသင်းဟာ ပလေးအော့ဖ် ဆီမီးဖိုင်နယ်ပွဲမှာ မြောက်အိုင်ယာလန်အသင်းကို အနိုင်ရခဲ့ပြီး ဘော့စနီးယား အသင်းက ဝေးလ်စ်အသင်းကို ပယ်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရကာ ဗိုလ်လုပွဲ တက်နိုင်ခဲ့တာပါ။ 

အီတလီအသင်းနည်းပြ ဂတ်တူဆိုကို တွေ့ရစဉ်

ဘော့စနီးယားမှာ ဆီးနှင်းနဲ့မိုးရွာသွန်းမှုကြောင့် ကွင်းအခြေအနေအပေါ် စိုးရိမ်စရာတွေ ဖြစ်လာခဲ့ပြီးနောက် အီတလီအသင်းဟာ သူတို့ရဲ့ အစီအစဉ်တွေကို ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ 

အီတလီအသင်းနည်းပြ ဂတ်တူဆိုကတော့ ကွင်းအခြေအနေ စိုးရိမ်မှုတွေကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။ 

၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားသမားအဖြစ် အီတလီအသင်းနဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ ဂတ်တူဆိုဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လမှာ နိုင်ငံအသင်းရဲ့ နည်းပြအဖြစ် စပယ်လက်တီရဲ့ နေရာမှာ အစားထိုးဝင်ရောက်ပြီး တာဝန်ယူခဲ့တာပါ။ 

ဂတ်တူဆိုက လက်ရှိ အသင်းကိုလည်း သူတို့အသင်းကလို ပြင်းထန်တဲ့ စိတ်ဓါတ်မျိုး မြင်တွေ့ချင်နေပြီး ဒါက ဘောလုံးသမိုင်းမှာ အရေးအကြီးဆုံး ရှုထောင့်လို့ ပြောခဲ့ပါတယ်။ 

ဘော့စနီးယားအသင်းခေါင်းဆောင် ဂျက်ကိုက အီတလီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃ ကြိမ်ဆက် လွဲချော်မယ့် ဖိအားတွေကို ခံစားနေရပြီး ဒါကို သူတို့ကြောက်နေကြတယ်လို့ ပြောခဲ့ပါတယ်။ 

ဘော့စနီးယားအသင်းဟာ ၂၀၁၄ နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

Source: CNA