CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၀

ရော်နယ်ဒိုက တနင်္ဂနွေနေ့ အိုးထရက်ဖိုဒ့်မှာကစားမယ့် ဗယ်လက်ကာနိုနဲ့ ခြေစမ်းပွဲမှာ ယူနိုက်တက်အသင်း အတွက် ပါဝင်ကစားမှာဖြစ်တယ်လို့ အတည်ပြုသွားခဲ့ပါတယ်။

အခုနွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်ကနေ ထွက်ခွာချင်နေတဲ့ ရော်နယ်ဒိုဟာ မိသားစုအကြောင်း ပြချက်နဲ့ အသင်းရဲ့ရာသီကြိုခရီးစဉ်တွေကို မလိုက်ပါခဲ့ပါဘူး။ပေါ်တူဂီကစားသမားဟာ သောကြာနေ့က အသင်းနဲ့ လေ့ကျင့်မှုတွေပြုလုပ်ဖို့ ကာရင်တန်ကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ဒါပေမယ့် အသလက်တီကိုအသင်းနဲ့ ကစားဖို့ အော်စလိုကို ထွက်ခွာခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့လူစာရင်းမှာ ရော်နယ်ဒို မပါဝင်ခဲ့ပါဘူး။ ဘောလွန်း ဒီအော ၅ ကြိမ်ရ ကစားသမားဟာ ဗယ်လက်ကာနိုနဲ့ ပွဲမှာတော့ သူပါဝင်ကစားမယ်လို့ အင်စတာဂရမ်မှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

နော်ဝေမှာကစားမယ့်ပွဲမှာ ရော်နယ်ဒို မပါဝင်တဲ့အကြောင်းနဲ့ပတ်သက်ပြီး ကစားသမားရဲ့ ဖန်ပေ့ချ်တစ်ခုက မှတ်ချက်ပေးခဲ့တာပါ။ဒီအချိန်မှာ ရော်နယ်ဒိုက “တနင်္ဂနွေနေ့မှာ ဘုရင်ကြီးကစားမယ်”လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ အသလက်တီကိုနဲ့ပွဲအတွက် ကစားသမားသစ်တွေဖြစ်တဲ့ အဲရစ်ဆန်၊ လီဆန်ဒရိုမာတီးနတ်စ်အပါအဝင် ကစားသမား ၂၁ ဦးကို ခေါ်ဆောင်သွားခဲ့တာပါ။အော်စလိုကိုသွားတဲ့ ခရီးစဉ်မှာ မပါဝင်တဲ့ ကစားသမားတွေဟာ ဗယ်လက်ကာနိုနဲ့ပွဲမှာ ပါဝင်ကစားသွားမယ်လို့ ယူနိုက်တက်အသင်းက ထုတ်ပြန် ထားပါတယ်။

ရော်နယ်ဒိုဟာ အင်္ဂါနေ့က နည်းပြ အဲရစ်တန်ဟတ်နဲ့ တွေ့ဆုံခဲ့ပြီး အသင်းက ထွက်ခွာချင်တဲ့ သူ့ရဲ့ဆန္ဒကို ပြောကြားခဲ့ကာ ရက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ တံခါးပိတ်ခြေစမ်းပွဲမှာလည်း မပါဝင်ခဲ့ပါဘူး။

အဲရစ်တန်ဟတ်က ရော်နယ်ဒိုကို ရောင်းမှာမဟုတ်ဘဲ သူ့ရဲ့ အစီအစဉ်မှာပါဝင်တယ်ဆိုတဲ့ အကြောင်းကို သတင်းစာရှင်းလင်းပွဲတွေ မှာ ပြောထားခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ အခုရာသီသစ်မှာ ယူရိုပါလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ရမှာကို ရော်နယ်ဒိုက စိတ်ပျက်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကစားခွင့်ရမယ့် အသင်းကို ပြောင်းဖို့ ဆုံးဖြတ်ထားပါတယ်။

လက်ရှိအချိန်မှာ ရော်နယ်ဒိုကို ခေါ်ယူဖို့ ချယ်လ်ဆီး၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်တို့က စိတ်ဝင်စားခြင်း မရှိ ကြောင်း ပြောထားပါတယ်။

ဒါ့အပြင် အသလက်တီကိုပရိသတ်တွေကလည်း ရော်နယ်ဒိုကို ကြိုဆိုမှာမဟုတ်တဲ့ အကြောင်း စာတန်းတွေချိတ်ဆွဲထားခဲ့သလို အွန်လိုင်းပေါ်မှာလည်း ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ သြဂုတ်လ ၇ ရက်မှာ ပရီးမီးယားလိဂ်ရာသီသစ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:BBC