CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၇

ဘရာဇီးလ် ဂန္တဝင်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဗယ်လာဒိုးလစ်အသင်း လာလီဂါ ကို တန်းတက် နိုင်ခဲ့တာကြောင့် မိုင် ၂၈၀ ခရီးကို စက်ဘီးနဲ့ သွားရောက်ခဲ့ပါတယ်။

ရော်နယ်ဒို က ဗယ်လာဒိုးလစ်အသင်း လာလီဂါကို တန်းပြန်တက်ခဲ့မယ်ဆိုရင် အခုလို စက်ဘီးစီးပြီး သွားမယ်လို့ ကတိပေး ထားခဲ့တာပါ။ ဘရာဇီးလ် ဂန္တဝင် ကစားသမားဟာ ၂၀၁၈ က ဗယ်လာဒိုးလစ် အသင်းရဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ သူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီတုန်းက ဗယ်လာဒိုးလစ် အသင်းဟာ လာလီဂါကနေ ဆီဂန်ဒါကို တန်းဆင်းခဲ့ရပါတယ်။ ဒါပေမယ့် အခုရာသီ အကုန်မှာတော့ ဆီဂန်ဒါ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်ကာ လာလီဂါ ကို တန်းပြန်တက် နိုင်ခဲ့တာ ဖြစ်ပါ တယ်။

ဒါကြောင့်လည်း ရော်နယ်ဒို ဟာ ပေးထားတဲ့ ကတိတည်အောင် အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒို က “လာလီဂါ ကို တန်းပြန်တက်ရင် ဒီလိုလုပ်ပေးမယ်လို့ ကတိပေးထားခဲ့တာပါ။ ကျနော် မပြေးနိုင်တဲ့အတွက် စက်ဘီးနဲ့ ခရီးနှင်မှာပါ။ ကျနော်နဲ့ ကျနော့်ရဲ့ ဇနီးသည်တို့ဟာ တနင်္ဂနွေနေ့က ဗယ်လာဒိုးလစ်ကနေ ထွက်ခွာခဲ့တာဖြစ်ပြီး စက်ဘီးနဲ့ Santiago de Compostela ကို သွားမှာပါ။ ဒါဟာ အလွန်လှပပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ခံစားရမယ်ဆိုတာ သိပါ တယ်။ ဒါပေမယ့် ဒါက မမေ့နိုင်တဲ့ အတွေ့အကြုံတစ်ခု ဖြစ်လာမှာပါ”လို့ စပိန်မီဒီယာကို ပြောခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ ဗယ်လာဒိုးလစ် အသင်း ပရိသတ်များ(The Daily Star)

ရော်နယ်ဒို တို့ ဇနီးမောင်နှံဟာ ခရီးစဉ်ကို ဗယ်လာဒိုးလစ်အသင်း အိမ်ကွင်းကနေ စတင်ခဲ့တာဖြစ်ပြီး မိုင်ပေါင်း ၂၈၀ ကို ခရီး နှင်ကြရမှာပါ။ ရော်နယ်ဒို ဟာ ဘရာဇီးလ် လက်ရွေးစင် အသင်းအတွက် ၆၂ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ အထက်မှာ ဂိုး အများဆုံးအဖြစ် ပီလီ နဲ့ နေမာ တို့သာရှိတာ ဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဒုတိယ ဂိုးသွင်းအများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒဏ်ရာကြောင့် ကစားသမားဘဝ ကာလတိုခဲ့ပေမယ့် ၁၉၉၇ နဲ့ ၂၀၀၂ မှာ ဘောလွန်းဒီအောဆု တွေကို ရယူနိုင်ခဲ့တာပါ။ ရော်နယ်ဒို ဟာဆိုရင် ဘရာဇီးလ် လက်ရွေးစင် အသင်းနဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆု ၂ ကြိမ် ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဘရာဇီးလ် ကစားသမားဟောင်း ဟာ ၁၉၉၃ က ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့တဲ့ ခရူဇီယို အသင်းမှာလည်း ရှယ်ယာတွေ ပိုင်ဆိုင်ထားပါတယ်။

Source: The Sun