CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၇

ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီဟာ CIES ဘောလုံးစောင့်ကြည့်လေ့လာရေး သုတေသနအဖွဲ့ရဲ့ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဘတ်ပီဟာ ရီးရယ်လ်အသင်းကို ငြင်းပယ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ ၃ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ကာ ပြောင်းရွှေ့ကြေး ပေါင် ၁၇၅.၇ သန်းနဲ့ အဲဒီစာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူးလ်အသင်းဘက်ကို အနိုင်ဂိုးသွင်းယူခဲ့တဲ့ ရီးရယ်လ်အသင်း တောင်ပံကစားသမား ဗီနီစီးယက်စ်က ပေါင် ၁၅၈.၃ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေခဲ့တာပါ။မန်စီးတီး တိုက်စစ်မှူးသစ် ဟာလန်းကတော့ ပေါင် ၁၃၀.၄ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

CIES ဟာ ကစားသမားရဲ့ အသက်အရွယ်၊ စွမ်းဆောင်ရည်၊လစာ၊စာချုပ်သက်တမ်း၊ကလပ်အသင်းရဲ့ စီးပွားရေး တန်ဖိုးစတဲ့ အချက်အလက်တွေကို ထည့်သွင်းတွက်ချက်တာပါ။

ဒေါ့မွန်အသင်း ကွင်းလယ်ကစားသမား ဘယ်လင် ဂမ်က အင်္ဂလန်ကစားသမားတွေထဲမှာ တန်ဖိုးအကြီးဆုံးအဖြစ် ပေါင် ၁၁၄.၁ သန်းနဲ့ ပဉ္စမနေရာမှာရှိနေပြီး မန်စီးတီး ကွင်းလယ်ကစားသမား ဖိုဒန်က ပေါင် ၁၀၅.၉ သန်းနဲ့ ဆဌမနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

CIES က ထုတ်ပြန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကစားသမား အယောက် ၁၀၀ စာရင်းမှာ ပရီးမီးယားလိဂ်က ၄၁ ဦးနဲ့ အများဆုံးပါဝင်ပြီး ဒီစာရင်းကို ကြီးစိုးထားတာပါ။

အသက် ၃၀ အရွယ်ရှိ မန်စီးတီးအသင်း ကွင်းလယ်လူ ဒီဘရိုင်းက ဒီစာရင်းထဲမှာ ပါဝင်တဲ့ အသက်အကြီးဆုံး ကစားသမားဖြစ်ပြီး ၁၇ နှစ်အရွယ်ရှိ ဘာစီလိုနာ ကစား သမား ဂါဗီက အသက်အငယ်ဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။အခုအပြောင်းအရွှေ့မှာ အသင်းကြီးတွေရဲ့ ပစ်မှတ် ဖြစ်နေတဲ့ ဘင်ဖီကာ တိုက်စစ်မှူး ဒါဝင်နူနက်စ်ဟာ ဥရောပထိပ်တန်း ၅ လိဂ်ရဲ့ အပြင်ဘက်မှာ တန်ဖိုးအကြီးဆုံး ကစားသမားအဖြစ် ရပ်တည်နေခဲ့တာပါ။

ကမ္ဘာ့အကောင်းဆုံး ကစားသမားနှစ်ဦးဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ကတော့ အခု CIES က ထုတ်ပြန်တဲ့ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး အယောက် ၁၀၀ စာရင်းမှာ မပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။

Source:BBC