CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃

ဘရာဇီးလ် တိုက်စစ်မှူး နေမာက ဆွန်ဟောင်မင်ဟာ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။

ဘရာဇီးလ်အသင်းနဲ့ တောင်ကိုရီးယား အသင်းတို့ ကစားခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲမှာ နေမာနဲ့ ဆွန်ဟောင်မင်တို့ တွေ့ဆုံခဲ့ကြတာပါ။ဒီပွဲမှာ ဘရာဇီးလ်အသင်းက တောင်ကိုရီးယား အသင်းကို ၅ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာပါ။နေမာကတော့ ဒီပွဲမှာ ၂ ဂိုးသွင်းပြီး ဘရာဇီးလ် ဂန္တဝင် ပီလီရဲ့စံချိန်ကို လိုက်မှီဖို့ သွင်းဂိုး ၄ ဂိုးသာ လိုအပ်တော့တာဖြစ်ပါတယ်။နေမာနဲ့ ဆွန်ဟောင်မင်တို့ဟာ ဒီပွဲအပြီး အဝတ်စားလဲခန်းမှာ ပြုံးရွှင်စွာနဲ့ ဂျာစီချင်း လဲလှယ်ခဲ့ကြတာပါ။

နေမာဟာ သူတို့နှစ်ဦး တွဲရိုက်ထားတဲ့ ပုံနဲ့အတူ ဘောလုံးသမိုင်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ သူနှစ်ဦးလို့ စာရေးသားကာ သူ့ရဲ့ အင်စတာဂရမ်မှာ ပုံတင်ခဲ့တာဖြစ်ပါတယ်။ဆွန်ဟောင်မင်ဟာ နေမာကို အထင်ကြီးလေးစားတဲ့သူ ဖြစ်တယ်လို့ ဘရာဇီးလ် လက်ရွေးစင်အသင်းရဲ့ စပါးအသင်းဖော် အီမာဆင်က ပြောခဲ့တာပါ။ဆွန်ဟောင်မင်က နေမာ သူ့ကိုသိလားဆိုပြီး မေးခဲ့တယ်လို့လည်း အီမာဆင်က ပြောခဲ့တာဖြစ်ပါတယ်။

 

အီမာဆင်က “နေမာကလည်း သူ့ကိုသိတယ်လို့ ကျနော်ပြန်ပြောခဲ့ပါတယ်။မင်း သူ့ကို လေးစားအားကျသလိုပဲ သူကလည်း မင်းကို ချီးကျူးဂုဏ်ပြုနိုင်ပါတယ်။မင်းက ကြယ်ပွင့်တစ်ယောက်ပါ”လို့ ပြောခဲ့ကြောင်း ESPN Brazil နဲ့ အင်တာဗျုးမှာ ဖြေခဲ့တာဖြစ်ပါတယ်။ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ ရာသီက စပါးအသင်းအတွက် ခြေစွမ်းပြသ နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပင်နယ်တီသွင်းဂိုးမပါဝင်ဘဲ ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့တာပါ။

ဒါပေမယ့် ဆွန်ဟောင်မင်ဟာ PFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်စာရင်းမှာ ချန်လှပ် ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ဆွန်ဟောင်မင်ကတော့ ဘရာဇီးလ်နဲ့ ရှုံးတဲ့ပွဲဟာ သူတို့အတွက် သင်ခန်းစာယူဖို့ အခွင့် အရေးကောင်းတစ်ခုပါပဲလို့ ပြောထားခဲ့တာပါ။

ဆွန်ဟောင်မင်က “ဘရာဇီးလ်ဟာ အသင်းလိုက်အနေနဲ့ရော တစ်ဦးချင်းအနေနဲ့ပါ အလွန်အားကောင်းတဲ့အသင်းပါ။ဒီရလဒ်ဟာ ပရိသတ်တွေနဲ့ ကစားသမားတွေအတွက် စိတ်ပျက်စရာဖြစ်နိုင်ပေမယ့် ကမ္ဘာ့ဖလားမတိုင်ခင် ကျနော်တို့အတွက် သင်ခန်းစာယူဖို့ အခွင့်အရေးကောင်း တစ်ခုပါပဲ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားအသင်းဟာ အခုလထဲမှာ ခြေစမ်းပွဲ ၃ ပွဲထပ်မံကစားဖို့ ရှိနေပြီး ၆ ရက်မှာ ချီလီ၊ ၁၀ ရက်မှာ ပါရာဂွေး၊ ၁၄ ရက်မှာ အီဂျစ်အသင်းတွေနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။တောင်ကိုရီးယားအသင်းဟာ ကာတာ ကမ္ဘာ့ ဖလားပြိုင်ပွဲရဲ့ အုပ်စုတွင်းမှာ ပေါ်တူဂီ၊ ဂါနာ၊ ဥရုဂွေးတို့နဲ့ တစ်အုပ်စုတည်းကျနေတာကြောင့် နောက်တစ်ဆင့် တက်နိုင်ဖို့ ခက်ခက်ခဲခဲယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။

Source:Daily Mail