CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃

ယူကရိန်း၊ ချယ်လ်ဆီးနဲ့ အေစီမီလန် အသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း ရှက်ဗ်ချန်ကို ဟာ ရုရှားရဲ့ ကျူးကျော်မှု ခံရပြီးနောက် နိုင်ငံကို ပြန်လည် တည်ဆောက်နိုင်ဖို့အတွက် ရန်ပုံငွေ ရှာဖွေဖို့ဆိုတဲ့ ရည်မှန်းချက် အသစ်တစ်ခု ရှိနေခဲ့ ပါတယ်။

ယူကရိန်းသမ္မတ ဇာလန်းစကီး က ရှက်ဗ်ချန်ကို နဲ့ ကိယက်ဗ်မှာ တွေ့ဆုံခဲ့ပြီးနောက် UNITED-24 ရဲ့ ပထမဆုံး သံတမန် အဖြစ် ခန့်အပ်လိုက်ကြောင်း ပြောခဲ့တာပါ။ ရှက်ဗ်ချန်ကို ဟာ ယူကရိန်းနိုင်ငံ ပြန်လည် ထူထောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလှူငွေတွေ ကောက်ခံပြီး ရန်ပုံငွေ ရှာဖွေပေးရမှာ ဖြစ်ပါတယ်။

ဇာလန်းစကီး က “အန်ဒရေ ဟာ သူ့ရဲ့ အလုပ်၊ အားကစား အောင်မြင်မှုတွေနဲ့အတူ နိုင်ငံတကာ စင်မြင့်ထက်မှာ ယုံကြည်မှုတွေ အများကြီး ရရှိခဲ့ပါတယ်။ အခု သူ့မှာ လုပ်ငန်းတာဝန် အသစ်တစ်ခု ရှိပါတယ်။ ယူကရိန်းရဲ့ အဖြစ်အပျက်တွေကို ကမ္ဘာ့ နိုင်ငံတွေဆီ ပြောပြပေးဖို့နဲ့ ငါတို့ နိုင်ငံအတွက် နိုင်ငံတကာ အကူအညီတွေ တိုးမြှင့်ပေးဖို့ သူ့ရဲ့ အခွင့်အာဏာကို အသုံးချပြီး ညွှန်ကြားရမှာ ဖြစ်ပါတယ်။ ဒါတွေ အားလုံးကို မင်းလုပ်နိုင်မယ်ဆိုတာ သေချာပါတယ်”လို့ တယ်လီဂရမ် မက်စ်ဆေ့ချ်မှာ ပြောခဲ့ပါတယ်။

အေစီမီလန်နဲ့ချယ်လ်ဆီး အသင်း ကစားသမားဟောင်း - ရှက်ဗ်ချန်ကို (Reuters)

အသက် ၄၅ နှစ်အရွယ်ရှိ ရှက်ဗ်ချန်ကို ဟာ နိုင်ငံရဲ့ အကြီးအကျယ်ဆုံး ကစားသမား တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ် မှတ်ခံခဲ့ရတာပါ။ ရှက်ဗ်ချန်ကို ဟာ ယူကရိန်း လက်ရွေးစင် အသင်းအတွက် ၁၁၁ ပွဲ ကစားခဲ့ပြီး ၄၈ ဂိုး သွင်းယူခဲ့ကာ ပြည်ပ ကို ထွက်မကစားခင် ဒိုင်နမိုကိဗ် အသင်းမှာ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။

ရှက်ဗ်ချန်ကို ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လအထိ လက်ရွေးစင်အသင်းကို နည်းပြအဖြစ် ၅ နှစ်ကြာ ကိုင်တွယ်ခဲ့တာပါ။

ယူကရိန်း ကစားသမားဟောင်းဟာ နိုင်ငံအတွင်းကို ရုရှား စတင် ကျူးကျော်ကတည်းက စစ်ပွဲကို ရပ်တန့်ဖို့ ပြင်းပြင်း ထန်ထန် တောင်းဆိုခဲ့ပြီး ဆန္ဒပြပွဲတွေမှာလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ရှက်ဗ်ချန်ကို ဟာ ကလေးတွေ သေဆုံးနေ ကြပြီ ဖြစ်လို့ စစ်ပွဲရပ်တန့်ဖို့ လိုပြီလို့လည်း ပြောထားခဲ့တာ ဖြစ်ပါတယ်။

Source: CNA