CNI International News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၄

တောင်ကိုရီးယား သမ္မတ ယွန်ဆော့ရွဲက ဆွန်ဟောင်မင်ရဲ့ အားကစားအောင်မြင်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ နိုင်ငံရဲ့ အားကစားဆိုင်ရာအမြင့်ဆုံးဆုတံဆိပ်ကို ပေးအပ်ခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတဟာ ဆိုးလ်ကမ္ဘာ့ဖလား အားကစားကွင်းကြီးထဲမှာ ဆွန်ဟောင်မင်ကို Cheongnyong ဆုတံဆိပ်ပေးအပ်ခဲ့ပြီး အဆိုပါဆုတံဆိပ်ဟာ အားကစားမှာ တစ်ဦးချင်းအောင်မြင်မှု ဒါမှမဟုတ် နိုင်ငံရဲ့ အားကစားကို မြှင့်တင်ရာမှာ ပါဝင်ကူညီနိုင်မှုအတွက်ပေးတဲ့ ဆုတံဆိပ် ၅ ခုအနက် အမြင့်ဆုံးဆုတံဆိပ်လည်း ဖြစ်ပါတယ်။

ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းရွှေဖိနပ်ဆု ရယူနိုင်ခဲ့တဲ့ ပထမဆုံး အာရှကစားသမားအဖြစ် စံချိန်မှတ်တမ်းတင်ခဲ့သူပါ။

ဒါ့အပြင် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ဆွန်ဟောင်မင် ရယူနိုင်ခဲ့ချိန်မှာ တောင်ကိုရီးယား သမ္မတက စာရေးသား ပြီး ဂုဏ်ပြုခဲ့ပါသေးတယ်။ ယွန်ဆော့ရွဲက “ဒီဆုဟာ မင်းကိုယ်မင်း မြှုပ်နှံပြီး တစ်ရာသီလုံး အလုပ်တွေ လုပ်ခဲ့ပြီး နောက် မင်းရဲ့ စိတ်အားထက်သန်မှုရလဒ်လို့ငါယုံကြည်ပါတယ်။ဒါဟာ မင်းတစ်ယောက်တည်းအတွက် ဂုဏ်ယူ စရာမဟုတ်ဘဲ အာရှဘောလုံးအသိုက်အဝန်းက ဂုဏ်ပြုရမယ့် ဝမ်းမြောက်စရာအချိန်ဖြစ်တယ်”လို့ ရေးသားခဲ့ တာပါ။

ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယား လက်ရွေးစင်အသင်းကို လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် ရရှိအောင် အသင်းခေါင်းဆောင်အနေနဲ့ ဦးဆောင်ပေးထားသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ စပါးအသင်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ရာမှာလည်း ဆွန်ဟောင်မင် ရဲ့ စွမ်းဆောင်မှုတွေက အဓိက ကျခဲ့တာပါ။

ဒါပေမယ့် PFA တစ်နှစ်တာ အကောင်းဆုံးဆုအတွက် ဆန်ကာတင် စာရင်းမှာ ဆွန်ဟောင်မင် မပါဝင်လာတာကတော့ မေးခွန်းထုတ်စရာ အဖြစ် ရှိနေတာလည်းဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆွန်ဟောင်မင်ဟာ ကစားသမားဘဝမှာ ကလပ်အသင်းတွေနဲ့ အောင်မြင်မှု မရသေးပေမယ့် နိုင်ငံအသင်းနဲ့တော့ ၂၀၁၈ အာရှအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ရယူနိုင်ခဲ့တာပါ။

ဆွန်ဟောင်မင် ဟာ ဖီဖာရဲ့ အကောင်းဆုံးဂိုးသွင်းဆုဖြစ်တဲ့ ပွတ်စ်ကတ်ဆုကို ၂၀၂၀ က ရရှိခဲ့ပြီး တစ်ဦးချင်းဆုတံဆိပ် အများ အပြားကိုလည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။စပါးအသင်း တိုက်စစ်ကစားသမားဟာ တောင်ကိုရီးယားအသင်းနဲ့ အတူ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

တောင်ကိုရီးယား အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီ၊ဂါနာ၊ဥရုဂွေးတို့နဲ့ အုပ်စု H မှာ တစ်အုပ်စု တည်း ကျရောက်နေတာဖြစ်ပါတယ်။

Source:En.yna.com