CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၁

နော်တင်ဟမ်ဖောရက်စ် အသင်းကို ၅ ဂိုး- ဂိုး မရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိသွားတဲ့ ဆာကာအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ မလွဲချော်ဘဲ ပါဝင်နိုင်ဖို့ မျှော်လင့်ကြောင်း အာဆင်နယ်နည်းပြ အာတီတာက ပြောလိုက်ပါတယ်။

အာတီတာက “ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် သံသယမဖြစ်ဖို့ ကျနော်မျှော်လင့်ပါတယ်။ ဆိုးရွားတဲ့ ကန်ချက်ကြောင့် သူဟာ ထော့နဲ့ ထော့နဲ့ ဖြစ်နေပေမယ့် အဲ့ဒီထက် ပိုပြီး ဖြစ်တယ်လို့ ကျနော်မမြင်မိပါဘူး။ သူဟာ ခြေကျင်းဝတ်နဲ့ ခြေထောက် ၂ ခုစလုံးကို အကြိမ်အနည်းငယ် ကန်ခံခဲ့ရပါတယ်”လို့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွား ပါတယ်။

ဆာကာဟာ ပွဲအစပိုင်းမှာ သွင်းယူခဲ့တဲ့ မာတင်နယ်လီရဲ့ သွင်းဂိုးကို ဖန်တီးနိုင်ခဲ့ပေမယ့် နော်တင်ဟမ် ဖောရက်စ် နောက်ခံလူ လိုဒီရဲ့ ဖျက်ထုတ်မှုကြောင့် ကုသမှုခံယူခဲ့ရတာ ဖြစ်ပါတယ်။

ဆာကာဟာ ကုသမှုခံယူပြီးနောက် အာဆင်နယ်အတွက် ပြန်ကစားခဲ့ပေမယ့် အဆင်မပြေတော့တာကြောင့် ၁၀ မိနစ်အကြာ ပွဲချိန် ၂၇ မိနစ်မှာ လူစားလဲခံရတာပါ။ အင်္ဂလန်လက်ရွေးစင် ကစားသမားဟာ နယ်လ်ဆန်နဲ့ လူစား လဲပြီးနောက် ဥမင်ထဲကို တန်းပြီး ဝင်သွားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာကိုတွေ့ရစဉ် (Reuters)

အာဆင်နယ် အကယ်ဒမီထွက် ဆာကာရဲ့ ဒဏ်ရာ အခြေအနေဟာ အင်္ဂလန်နည်းပြ ဆောက်ဂိတ်အတွက် စိုးရိမ် စရာ ဖြစ်ခဲ့ရပါတယ်။

ဆောက်ဂိတ်နဲ့ အင်္ဂလန်အသင်းဟာ အာတီတာ ပြောတဲ့အတိုင်း ဒဏ်ရာမပြင်းထန်ဖို့ မျှော်လင့်နေတာ ဖြစ်ပါ တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကျင်းပဖို့ ရက်အနည်းငယ်သာ ကျန်ရှိတော့တာဖြစ်ပြီး အင်္ဂလန်အသင်းဟာ နိုဝင်ဘာလ ၂၁ ရက်မှာ အီရန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

အသက် ၂၁ နှစ်အရွယ်ရှိ ဆာကာဟာ အာဆင်နယ် အတွက်ရော အင်္ဂလန်အသင်းအတွက်ပါ အားထားရတဲ့ အဓိက ကစားသမား ၁ ဦးအဖြစ် ရှိနေတာ ဖြစ်ပါတယ်။

ဆာကာဟာ အင်္ဂလန်အတွက် ပွဲပေါင်း ၂၀ ကစားအပြီးမှာ ၄ ဂိုး သွင်းယူထားကာ အာဆင်နယ်အတွက် ၁၄၇ ပွဲ ကစားထားပြီး ၂၈ ဂိုး သွင်းယူထားတာပါ။

အာဆင်နယ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် ပွဲစဉ် ၄ ပွဲ ကစားသွားဖို့ ရှိပြီး ကြားရက်မှာ ကစားမယ့် ဇူးရစ်နဲ့ ယူရိုပါလိဂ်ပွဲမှာတော့ ဆာကာ ပါဝင်နိုင်ဖို့ မရှိတော့ပါဘူး။

ဒီပွဲပြီးရင် အာဆင်နယ်အသင်းဟာ ချယ်လ်ဆီး၊ ဝုလ်ဗ်စ်တို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်၊ ဘရိုက်တန်နဲ့ ကာရာဘောင်း ဖလား ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Metro