CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅

ဘရိုက်တန်အသင်းတောင်ပံကစားသမား မီတိုမာဟာ ဒဏ်ရာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲယှဉ်ပြိုင်မယ့် အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့တယ်လို့ ဂျပန်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒါကြောင့် မီတိုမာဟာ မြန်မာအသင်းနဲ့ ကစားမယ့် အိမ်ကွင်းပွဲစဉ်၊ ဆီရီးယားအသင်းနဲ့ အဝေးကွင်းပွဲစဉ်တွေမှာ ဂျပန်အသင်းအတွက် ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။ အသက် ၂၆ နှစ်အရွယ်ရှိ မီတိုမာဟာ ဂျပန်အသင်းအတွက် ၁၈ ပွဲပါဝင်ကစားထားပြီး ၇ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်ရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး တိုက်စစ် ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။

မီတိုမာက “ဒါက ကမ္ဘာ့ဖလားခြေစစ်ပွဲဖြစ်တာကြောင့် အသင်းကို ကူညီပေးနိုင်ဖို့အတွက် ပူးပေါင်းခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ ကျနော်အသင်းအတွက် ရာနှုန်းပြည့်မကစားပေးနိုင်တော့ပါဘူး။ အဲဒါကြောင့် ကျနော့်ကိုယ်စား အသင်းဖော်တွေကို ကစားခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ကျနော်အမြန်ဆုံး ပြန်ကောင်းလာနိုင်ဖို့ ကြိုးစားသွားမှာပါ” လို့ ဂျပန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ပြောခဲ့တာပါ။

မီတိုမာဟာ ဒီရာသီမှာ ဘရိုက်တန်အသင်းအတွက် ၁၅ ပွဲပါဝင်ကစားပြီး ၃ ဂိုးသွင်းယူထားကာ မနှစ်ကရာသီက အသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲပထမဆုံးအကြိမ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ မီတိုမာဟာ ပြီးခဲ့တဲ့ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ၁ ဂိုးစီသရေကျတဲ့ပွဲမှာ ဘရိုက်တန်အသင်းအတွက် လူစားဝင်ကစားသမား အဖြစ် ပါဝင်ခဲ့ရတာပါ။

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)ဒုတိယအဆင့်ပွဲစဉ်အဖြစ် ဂျပန်အသင်းနဲ့ မြန်မာအသင်းတို့ဟာ နိုဝင်ဘာ ၁၆ ရက်မှာ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

Source:nst