CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၆

ယူနိုက်တက်အသင်းမှာ ၁၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရစ်ချတ်အာနိုးလ်ဟာ အမှုဆောင်အရာရှိချုပ်(CEO) ရာထူးကနေ အခုနှစ်အကုန်မှာ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက အက်ဒ်ဝုဒ်ဝက်ဒ်ရဲ့ နေရာမှာ ယူနိုက်တက်အသင်း CEO အဖြစ် စတင်တာဝန်ယူခဲ့တဲ့ ရစ်ချတ်အာနိုးလ်ဟာ ဒီဇင်ဘာလ အကုန်အထိ အသင်းရဲ့ အသွင်ကူးပြောင်းမှုတွေကို ပံ့ပိုးကူညီပေးသွားမှာပါ။

ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်ဟာ ယူနိုက်တက်အသင်းရဲ့ အစုရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ပေါင် ၁.၂၅ ဘီလီယံနဲ့ ဝယ်ယူမှုကို အပြီးသတ်ဖို့ လုပ်ဆောင်နေချိန်မှာ ရစ်ချတ်အာနိုးလ်ရဲ့ နုတ်ထွက်မှု ဖြစ်ပေါ်လာခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ အထွေထွေအကြံပေး စတီးဝက်ဒ်ဟာ ကလပ်အသင်းက CEO အသစ် မခန့်အပ်ခင် အချိန် အတွင်း ယာယီ CEO အဖြစ် တာဝန်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ 

ရစ်ချတ်အာနိုးလ်နဲ့ ဆာဂျင်ရက်ကလစ်ဖ်ကို တွေ့ရစဉ်

ရစ်ချတ်အာနိုးလ်ဟာ ၂၀၀၇ ခုနှစ်၊ သြဂုတ်လက ယူနိုက်တက်အသင်းကို စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီး ရာထူး အမျိုးမျိုးကို တာဝန်ယူခဲ့ရတာ ဖြစ်ပါတယ်။ 

ရစ်ချတ်အာနိုးလ်ဟာ ယူနိုက်တက်အသင်းကို ကောင်းမွန်တဲ့ စပွန်ဆာ သဘောတူညီမှုတွေကို ရှာဖွေပေးနိုင်ခဲ့ ပေမယ့် တိုက်စစ်မှူး ဂရင်းဝုဒ်ရဲ့ အခြေအနေကို ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။

ယူနိုက်တက်အသင်းဟာ CEO အသစ်အဖြစ် ခန့်အပ်ဖို့ ရှာဖွေသွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြခဲ့ပေမယ့် သတင်းတွေမှာတော့ ဆာဂျင်ရက်ကလစ်ဖ်ရဲ့ Ineos အစုအဖွဲ့နဲ့ နီးစပ်တဲ့သူကို ခန့်အပ်သွားမယ်လို့ သိရပါတယ်။

ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်ဟာ အသင်းရဲ့ အစုရှယ်ယာကို ဝယ်ယူမှု ပြီးမြောက်တာနဲ့ ယူနိုက်တက် အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်သွားမယ့် အစီအစဉ်တွေကို ရေးဆွဲထားပါတယ်။

ဆာဂျင်ရက်ကလစ်ဖ်ဟာ အစုရှယ်ယာ ဝယ်ယူမှုအပြင် ယူနိုက်တက်အသင်းရဲ့ အားကစားကွင်းနဲ့ လေ့ကျင့်ရေး ကွင်းတွေကို အဆင့်မြှင့်တင်နိုင်ဖို့အတွက် နောက်ထပ်ပေါင် ၂၄၅ သန်း ထပ်ပြီးပေးသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်း ပရိသတ်တွေကတော့ ဇန်နဝါရီလ အပြောင်းအရွှေ့ မတိုင်ခင်မှာ ဆာဂျင်ရက်ကလစ်ဖ်ရဲ့ အစုရှယ်ယာဝယ်ယူမှုကို ကြေညာနိုင်ဖို့ မျှော်လင့်နေပါတယ်။

Source: BBC