CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၆

အသင်းခေါင်းဆောင် မက်ဆီဟာ ပွဲကစားချိန်နည်းပါးနေပေမယ့် အာဂျင်တီးနားအသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်တွေကို ပါဝင်ဖို့အတွက် ကြံ့ခိုင်မှုအပြည့်ရှိတယ်လို့ နည်းပြ စကာလိုနီက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

စကာလိုနီက “မက်ဆီဟာ ကောင်းမွန်စွာလုပ်ဆောင်နေပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂၅ ရက်မှာ တစ်ပွဲပဲ ကစားခဲ့ရတယ်ဆိုပေမယ့် လေ့ကျင့်မှုတွေကို ပုံမှန်ပြုလုပ်နေတာပါ။ အဲဒါကြောင့် သူဟာ ကြံ့ခိုင်မှုရှိပြီး ကောင်းမွန်နေပါတယ်”လို့ ပြောခဲ့တာပါ။

မက်ဆီရဲ့ အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ပလေးအောဖ့်ယှဉ်ပြိုင်ခွင့်မရခဲ့တာကြောင့် ကစားသမားဟာ တစ်လနီးပါးကြာအနားယူနေခဲ့ရတာဖြစ်ပါတယ်။ အဲဒါကြောင့် မက်ဆီရဲ့ကြံ့ခိုင်မှုပိုင်းနဲ့ ပတ်သက်ပြီး စိုးရိမ်မှု တွေရှိနေကြပေမယ့် နည်းပြစကာလိုနီကတော့ သူတို့ရဲ့အသင်းခေါင်းဆောင်ဟာ ကြံ့ခိုင်မှုအပြည့်ရှိတယ်လို့ ပြောခဲ့တာပါ။ မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ အာဂျင်တီးနားအသင်းအတွက် ၃ ဂိုးသွင်းယူ ပေးထားပါတယ်။

အာဂျင်တီးနားအသင်းဟာ နိုဝင်ဘာ ၁၇ ရက်မှာ ဥရုဂွေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ၂၂ ရက်မှာတော့ ဘရာဇီးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက သူတို့ဟာ ဘယ်ပြိုင်ဘက်နဲ့မဆို ယှဉ်ပြိုင်နိုင်တယ်ဆိုတာ ပြသပြီးသားဖြစ်တဲ့အတွက် ဒီပွဲတွေကို ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့ပါ တယ်။

အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)မှာ ၄ ပွဲကစားအပြီး ရာနှုန်းပြည့် နိုင်ပွဲနဲ့ ထိပ်ဆုံးနေရာမှာ ဦးဆောင်နေကာ ဥရုဂွေး၊ ဘရာဇီးလ်နဲ့ ဗင်နီဇွဲလားတို့က ရမှတ်တူညီနေပြီး အဆင့် ၂၊ ၃နဲ့ ၄ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

Source:ChanelNewsasia