CNI Sport News

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇

ယူအေအီးကလပ် အယ်လ်အိန်းအသင်းဟာ ရလဒ်ဆိုးတွေကြောင့် အာဂျင်တီးနားလူမျိုးနည်းပြ ခရက်စပိုနဲ့ လမ်းခွဲ ခဲ့ပြီလို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

အယ်လ်အိန်းအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ အာရှချန်ပီယံလိဂ် ပွဲစဉ်မှာ အယ်လ်နာဆာအသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပြီးနောက် နည်းပြ ခရက်စပိုနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။ 

အသက် ၄၉ နှစ်အရွယ်ရှိ ခရက်စပိုဟာ အယ်လ်အိန်းအသင်းကို ပြီးခဲ့တဲ့ရာသီက အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိအောင် ကိုင်တွယ်နိုင်ခဲ့တာပါ။ 

ဒါပေမယ့် အယ်လ်အိန်းအသင်းဟာ  ဒီရာသီမှာ ရလဒ်တွေဆိုးနေပြီး ယူအေအီး ပရိုလိဂ်ပြိုင်ပွဲမှာ အဆင့် ၈ နေရာ ရပ်တည်နေသလို အာရှချန်ပီယံလိဂ် ပြိုင်ပွဲမှာ အောက်ဆုံးနေရာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

ခရက်စပိုကို တွေ့ရစဉ်

အယ်လ်အိန်းအသင်းက “ကလပ်ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဟာ အာဂျင်တီးနား လူမျိုးနည်းပြ ခရက်စပို၊ သူ့ရဲ့နည်းပြ အဖွဲ့ဝင်တွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို အဆုံးသတ်ဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပေမယ့် မကြာသေးခင်က ရလဒ်တွေဟာ မျှော်လင့်ထားသလို မဖြစ်ခဲ့ပါဘူး။ သူတို့အနေနဲ့ အနာဂတ်မှာ အောင်မြင်မှုရရှိဖို့ ဆုတောင်းပေးတယ်”လို့ ထုတ် ပြန်ခဲ့တာပါ။

ခရက်စပိုဟာ အယ်လ်အိန်းအသင်းကို ၄၉ ပွဲကိုင်တွယ်ခဲ့ပြီး အနိုင် ၄၄.၉၀ ရာခိုင်နှုန်း ရယူပေးနိုင်ခဲ့ပါတယ်။ 

အင်တာမီလန်၊ ပါးမားနဲ့ ချယ်လ်ဆီးအသင်းတွေမှာ ကစားခဲ့တဲ့ ခရက်စပိုဟာ မိုဒီနာအသင်းမှာ နည်းပြဘဝ စတင်ခဲ့တာပါ။ 

ခရက်စပိုဟာ အာဂျင်တီးနားကလပ် ဘန်ဖီးလ်၊ ဒီဖန်ဆာ၊ ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုနဲ့ ကာတာကလပ် အယ်လ်ဒူဟေးအသင်းတို့ကိုလည်း ကိုင်တွယ်ခဲ့ပါတယ်။ 

ခရက်စပိုဟာ နည်းပြဘဝ အောင်မြင်မှုတွေအဖြစ် ဒီဖန်ဆာအသင်းနဲ့ ကိုပါဆူဒါမာရီကာနာ၊ ဆော်ပေါ်လိုအသင်းနဲ့ ဘရာဇီးလ်ဖလား၊ အယ်လ်ဒူဟေးအသင်းနဲ့ ဆုဖလား ၃ လုံး ရယူနိုင်ခဲ့ပြီး အယ်လ်အိန်းအသင်းနဲ့ အာရှချန်ပီယံလိဂ် ဖလား ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။