CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၁

ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က ပီအက်စ်ဂျီကနေ သူထွက်ခွာခဲ့တဲ့ ၂၀၁၆ ကတည်းက လီဂူးဝမ်းဟာ ကျဆင်း သွားပြီလို့ ပြောလိုက်ပါတယ်။

အီဘရာဟီမိုဗစ်က “ ကျနော်ပြင်သစ်ကနေ ထွက်ခွာသွားပြီး ကတည်းက အရာအားလုံးဟာ ကျဆင်းသွားပါပြီ။ ပြင်သစ်နဲ့ ပတ်သက်ပြီး ပြောစရာ ဘာမှမရှိပါဘူး။ ပြင်သစ်က ကျနော့်ကို လိုအပ်ပေမယ့် ကျနော်ကတော့ ပြင်သစ်ကို မလိုအပ်ပါဘူး။ ခင်ဗျားတို့မှာ မက်ဆီ၊ နေမာနဲ့ ဘတ်ပီ ရှိရင်တောင် နတ်ဘုရားကြီး မရှိလို့ ဒါကို အကူအညီ ပေးနိုင်မှာ မဟုတ်ဘူး”လို့ Canal Plus ကို ပြောခဲ့တာပါ။

အီဘရာဟီမိုဗစ်ဟာ လက်ရှိ လီဂူးဝမ်းရဲ့ ပုံရိပ်ကို မြင့်မားအောင် ထိန်းထားဖို့အတွက် မက်ဆီ၊ နေမာ၊ ဘတ်ပီတို့နဲ့ မလုံလောက်ဘူးလို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ဆွီဒင်ကစားသမားဟာ ပီအက်စ်ဂျီ အသင်းမှာ ၂၀၁၂ ကနေ ၂၀၁၆ အထိ ၄ ရာသီကြာ ကစားခဲ့တာပါ။ သူဟာ ပြင်သစ် ကလပ်အတွက် ကစားပေးခဲ့တဲ့ ပွဲပေါင်း ၁၈၀ မှာ ၁၅၆ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဆုဖလားပေါင်း ၁၂ လုံးအထိ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီ၊ နေမာ၊ ဘတ်ပီတို့ကိုတွေ့ရစဉ်

အီဘရာဟီမိုဗစ်ဟာ ပီအက်စ်ဂျီကနေ ထွက်ခွာပြီးနောက် ယူနိုက်တက်၊ အယ်လ်အေ ဂလက်ဇီနဲ့ အခု အေစီမီလန် အသင်းမှာ ဒုတိယအကြိမ် ကစားနေတာပါ။ အီဘရာဟီမိုဗစ်ဟာ လက်ရှိအချိန်မှာ ဒဏ်ရာကြောင့် အနားယူ နေရ ပေမယ့် အေစီမီလန် အသင်းဟာ အခုနှစ် ရာသီအကုန်ထိ ၁ နှစ် သက်တမ်းတိုး ထားတာ ဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်ဟာ အသက် ၄၁ နှစ် အရွယ်ရှိပြီ ဖြစ်ပေမယ့် အခုအချိန်ထိ အနားယူဖို့ အကြောင်းကို စဉ်းစားခြင်း မရှိသေးပါဘူး။

အီဘရာဟီမိုဗစ်က “ကျနော်အနားယူမှာ မဟုတ်ပါဘူး။ ကျနော် ပြန်လာမှာပါ။ အရှုံးပေးသွားမှာ မဟုတ်ဘူး”လို့ ဂါဇတ်တာဒယ်လိုစပေါ့နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

အီဘရာဟီမိုဗစ်ရဲ့ အသင်းဟောင်း ပီအက်စ်ဂျီအသင်းဟာ ဒီရာသီမှာ မက်ဆီ၊ နေမာ၊ ဘတ်ပီတို့ ၃ ဦးရဲ့ တိုက်စစ် စွမ်းဆောင်ရည်တွေကြောင့် ပြင်သစ်လီဂူးဝမ်း အမှတ်ပေးဇယားကို ဦးဆောင်နေသလို ချန်ပီယံလိဂ်မှာလည်း ၁၆ သင်းအဆင့်ကို တက်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။

Source: Goal