CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၂၃

ဇလာတန် အီဘရာဟီမိုဗစ်ကတော့ စီးရီးအေ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ အေစီမီလန် အသင်းရဲ့ အောင်ပွဲခံ အခမ်းအနားမှာ ရှန်ပိန်တွေကို ပတ်ဖျန်းပြီး ဆေးပြင်းလိပ် သောက်နေခဲ့တာ ဖြစ်ပါတယ်။

အေစီမီလန် အသင်းဟာ အခုနှစ်ရာသီ စီးရီးအေ နောက်ဆုံးပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဆက်ဆူအိုလို နဲ့ပွဲမှာ ၃ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရပြီး စီးရီးအေ ချန်ပီယံဆုကို ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရယူနိုင်ခဲ့တာပါ။

အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ အီဘရာဟီမိုဗစ်ဟာ ဒီပွဲရဲ့ မိနစ် ၇၀ အကျော်မှ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အီဘရာဟီမိုဗစ် နဲ့ အေစီမီလန် တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးမှာ ဖြစ်တဲ့အတွက် ဒီပွဲဟာ သူ့ရဲ့ ကစားသမားဘ၀ နောက်ဆုံးပွဲ ဖြစ်သွားနိုင်တာပါ။

အီဘရာဟီမိုဗစ်ဟာ ပွဲအပြီးမှာ အေစီမီလန်အသင်း ပရိသတ်တွေဘက်ကို ရှန်ပိန်တွေကို ပတ်ဖျန်းပြီး ဆေးပြင်းလိပ်ကြီး ခဲနေခဲ့တာဖြစ်ပြီး သူ့ရဲ့ ပုံစံအတိုင်းကို လုပ်ပြသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဆုဖလားဟာ ဆွီဒင် ဝါရင့် ကစားသမားအတွက် ကစားသမားဘဝ တစ်လျှောက် ၃၄ ခုမြောက် ဆုဖလားလည်း ဖြစ်ခဲ့တာပါ။

အီဘရာဟီမိုဗစ် ဟာဆိုရင် အေစီမီလန် အသင်းကို ၂၀၂၀ က ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းကို ဆုဖလားတွေ ရယူပေးနိုင်ဖို့ ပြန်လာခဲ့တာလို့ ပြောထားခဲ့တာ ဖြစ်ပါတယ်။

ဆေးပြင်းလိပ်ခဲပြီး အောင်ပွဲခံနေတဲ့ အီဘရာဟီမိုဗစ်(Sports Hub)

အနာဂတ်နဲ့ ပတ်သက်ပြီး အီဘရာဟိမိုဗစ် က “ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်နေသေးတယ်ဆိုရင် ဆက်ကစား သွားမှာပါ။ ကျနော့်ရဲ့ ဆုံးဖြတ်ချက်ကို မကြာခင် ချမှတ်မှာပါ။ ကျနော့်မှာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေ အများကြီးရှိခဲ့ပေမယ့် မကြာခင်မှာ ဆုံးဖြတ်ချက်ချသွားမှာပါ။ လိဂ်ဖလားကို ရယူနိုင်ခဲ့တာက ကျနော့်အတွက် အကြီးမားဆုံး ကျေနပ်မှုပါပဲ။ ဒီကို ပြန်လာကတည်းက မီလန်ကို ထိပ်တန်းရောက်အောင် ပြန်လည် ပို့ဆောင်ပေးမယ်လို့ ပြောခဲ့တာပါ။ လူတွေ အများအပြားက အဲ့ဒီတုန်းက ရယ်မောခဲ့ကြပေမယ့် အခုတော့ ကျနော်တို့ ရအောင် ယူနိုင်ခဲ့ပါပြီ ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အီဘရာဟီမိုဗစ် ဟာ ဒီဆုဖလားကို ကွယ်လွန်သွားပြီဖြစ်တဲ့ အေးဂျင့် ရွိုင်အိုလာ ကို ရည်ညွှန်းကြောင်းလည်း ပြောခဲ့သေးတာပါ။

“ဒီဆုဖလားက ရွိုင်အိုလာ အတွက်ပါပဲ။ ဒါက ရွိုင်အိုလာ ကျနော့်ဘေးမှာမရှိဘဲ ရတဲ့ ပထမဆုံး ဆုဖလားပါ ”လို့ ပြောခဲ့ပါတယ်။

အီဘရာဟီမိုဗစ် ဟာ အေစီမီလန် အသင်းအတွက် ဒုတိယအကြိမ်မြောက်အဖြစ် ပြန်ကစားတဲ့ အချိန်မှာ ပွဲပေါင်း ၇၃ ပွဲ ကစားခဲ့ပြီး ၃၆ ဂိုး သွင်းယူနိုင်ခဲ့တာပါ။ ဆွီဒင် ကစားသမားဟာ ဒီရာသီမှာ ဒဏ်ရာကြောင့် ပွဲချိန်အနည်းငယ်သာ ပါဝင် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Daily Star