CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၂၃

စပါးအသင်း တိုက်စစ်မှူး ဆွန်ဟောင်မင် ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရွှေဖိနပ်ဆုရတဲ့ ပထမဆုံး အာရှကစားသမား ဖြစ်လာခဲ့ပါတယ်။

ဆွန်ဟောင်မင် ဟာ နော်ဝစ်ချ် အသင်းကို ၅ ဂိုး- ဂိုး မရှိနဲ့ ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာ စပါးအသင်းအတွက် ၂ ဂိုး သွင်းယူပေးနိုင်ခဲ့တာပါ။ ဒါကြောင့် ဆွန်ဟောင်မင် ဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၂၃ ဂိုး ရှိသွားခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်း တိုက်စစ်မှူး ဆာလတ် ကလည်း ဝုလ်ဗ်စ် အသင်းကို အနိုင်ရတဲ့ပွဲမှာ ၁ ဂိုး သွင်းယူနိုင်ခဲ့တဲ့အတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၂၃ ဂိုး ရှိသွားခဲ့တာပါ။ အဲ့ဒီအတွက် ဆွန်ဟောင်မင် နဲ့ ဆာလတ် တို့ဟာ အခုနှစ်ရာသီ ပရီးမီးယား လိဂ် ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုကို ပူးတွဲ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဆွန်ဟောင်မင် ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပင်နယ်တီသွင်းဂိုး တစ်ဂိုးမှမပါဘဲ ရွှေဖိနပ်ဆု ရယူနိုင်ခဲ့တာ ဖြစ်ပြီး တောင်ကိုရီးယား ကစားသမားအတွက် စံချိန်မှတ်တမ်းကောင်း တစ်ခု ဖြစ်ခဲ့တာပါ။

ဆွန်ဟောင်မင် ဟာ စပါးအသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ၇ ရာသီဆက်တိုက် ရပ်တည်နိုင်ခဲ့တဲ့ ဟာရီကိန်း ရဲ့ စံချိန်ကိုလည်း ရပ်တန့်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယား ကစားသမား ကတော့ ဒီဆုကို ရယူနိုင်ခဲ့တဲ့အတွက် မယုံနိုင် ဘူး ဖြစ်နေတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဆာလတ်နဲ့အတူ ပူးတွဲ ရွှေဖိနပ်ဆုရတဲ့ ဆွန်ဟောင်မင်း(Sports)

ဆွန်ဟောင်မင်က “ ဒီဆုကို ရယူနိုင်ခဲ့တာက မယုံနိုင်စရာပါပဲ။ ကျနော် တကယ်ကို မယုံနိုင်ပါဘူး။ ဒီဆုကို ရယူနိုင်ဖို့ ငယ် ငယ်လေး ကတည်းက အိမ်မက်မက်ခဲ့တာပါ။ အခုတော့ ကျနော့်လက်ထဲကို ရောက်ရှိလာခဲ့ ပါပြီ။ မယုံနိုင်စရာပါပဲ။ ဂိုးမရခင် အချိန်ထိ ကြီးမားတဲ့ အခွင့်အရေးတွေ လွဲချော်ခဲ့လို့ စိတ်ပျက်မိခဲ့ပါတယ်။ ဒါပေမယ့် ကျနော် လက်မလျှော့ခဲ့ပါဘူး။ ကျနော် ဂိုးသွင်းချင်ခဲ့ပါတယ်။ အသင်းသားတွေကလည်း ကျနော့်ကို အကူအညီ ပေးခဲ့တယ်ဆိုတာ ခင်ဗျားတို့ တွေ့မြင်နိုင်ပါတယ်”လို့ ပြောခဲ့တာပါ။

စပါးအသင်းဟာ ဒီနိုင်ပွဲကြောင့် အာဆင်နယ်အသင်းရဲ့ အထက် အဆင့် ၄ နေရာမှာ ရပ်တည်ကာ လာမယ့်နှစ်ရာသီ ချန်ပီယံ လိဂ် ဝင်ခွင့် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ စပါးအသင်းဟာ ကွန်တီ မကိုင်တွယ်ခင် အချိန်ထိ ရလဒ်တွေ ဆိုးရွားခဲ့ပေမယ့် အီတလီလူမျိုး ရောက်လာအပြီးမှာ ကောင်းမွန်တဲ့ ရလဒ်တွေ ရယူနိုင်ခဲ့တာပါ။

နည်းပြ ကွန်တီက “ ဆွန် အတွက် ကျနော် အလွန်ပျော်ရွှင်ပါတယ်။ ဒီနေ့မှာ ကျနော်တို့ ပစ်မှတ် ၂ ခု ရရှိခဲ့ပါတယ်။ ပထမဆုံး တစ်ခုက ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့တာဖြစ်ပြီး နောက်တစ်ခုက ဆွန်ကို ထိပ်တန်း ဂိုးသွင်းရှင်ဖြစ်အောင် ကူညီပေးနိုင်ခဲ့တာပါ။ အဲ့ဒီအတွက် ကျနော်တို့ အလွန်ပျော်ရွှင်နေပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Sourc: Daily Mail