CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၅

ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ ကစားသမားဘဝကနေ အနားယူတော့မယ်လို့ အေစီမီလန်အသင်းရဲ့ အခုနှစ်ရာသီ စီးရီးအေ နောက်ဆုံးပွဲစဉ်အပြီးမှာ မျက်ရည်တွေနဲ့ ကြေညာသွားခဲ့ပါတယ်။

အီဘရာဟီမိုဗစ်က “ပထမဆုံးအကြိမ် ရောက်လာတုန်းက ခင်ဗျားတို့က ကျနော့်ကို ပျော်ရွှင်မှုတွေ ပေးပါတယ်။ ဒုတိယအကြိမ်မှာလည်း အချစ်တွေပေးခဲ့ပါတယ်။ အသင်းမှာရှိတဲ့ တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးတင်သလို၊ နောက်ဆုံးအနေနဲ့ နှလုံးသားထဲကနေ ချစ်ရတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော့်ဘဝရဲ့ ဘဝ တစ်ခုလုံး မီလန်ပရိသတ် ဖြစ်လာပါလိမ့်မယ်။ ဘောလုံးကို နှုတ်ဆက်ဖို့ အချိန်တန်ပါပြီ။ ဒါပေမယ့် ခင်ဗျားတို့ အတွက်တော့ မဟုတ်ပါဘူး။ ခက်ခဲလွန်းတယ်၊ ခံစားချက်တွေ များလွန်းတယ်။ နှုတ်ဆက်ပါတယ် မီလန်ရေ”လို့ ပြောခဲ့ပါတယ်။

ဆန်စီရိုမှာရှိတဲ့ ပရိသတ်တွေဟာ စီးရီးအေ နောက်ဆုံးပွဲမှာ အီဘရာဟီမိုဗစ်ကို နှုတ်ဆက်ဖို့ စီစဉ်ထားခဲ့ကြ ပါ တယ်။

အသက် ၄၁ နှစ်အရွယ်ရှိ အီဘရာဟီမိုဗစ်ဟာ အစောပိုင်းတုန်းက ဆက်ကစားဖို့ အစီအစဉ်ရှိတယ်လို့ ပြောခဲ့ပေ မယ့် ပွဲအပြီးမှာတော့ အေစီမီလန်အသင်းကနေတင် မဟုတ်ဘဲ ဘောလုံးလောက ကနေပါ နှုတ်ဆက်တယ်လို့ ပြောခဲ့တာပါ။
အေစီမီလန်နဲ့ အီဘရာဟီမိုဗစ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်ကို တွေ့ရစဉ်

အီဘရာဟီမိုဗစ်ဟာ အေစီမီလန်အသင်းကို ပြီးခဲ့တဲ့နှစ်ရာသီက ၂၀၁၁ နောက်ပိုင်း ပထမဆုံးအကြိမ် စီးရီးအေ ဖလား ရရှိအောင် စွမ်းဆောင်ပေးခဲ့ပေမယ့် ရာသီအကုန်မှာ ဒူးခွဲစိတ်မှု ပြုလုပ်ခဲ့ရပါတယ်။

အဲဒါကြောင့် ဆွီဒင်တိုက်စစ်မှူးကြီးဟာ ကာလကြာရှည် အနားယူခဲ့ရပြီး ဒီရာသီမှာ အေစီမီလန် အသင်းအတွက် ၄ ပွဲသာ ပါဝင်ကစားခဲ့ရကာ ၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အီဘရာဟီမိုဗစ်ဟာ ဒဏ်ရာကြောင့် ဗီရိုနာနဲ့ ကစားခဲ့တဲ့ စီးရီးအေ နောက်ဆုံးပွဲကို မပါဝင်နိုင်ခဲ့ဘဲ ပွဲကြည့်စင်ပေါ် ကနေသာ အသင်းကို အားပေးခဲ့တာပါ။

၁၉၉၉ မှာ မယ်လ်မိုအသင်းနဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့တဲ့ အီဘရာဟီမိုဗစ်ဟာ အေဂျတ်စ်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ ယူနိုက်တက်၊ ဂလက်ဇီနဲ့ အေစီမီလန်အသင်းတွေမှာ ပွဲ ပေါင်း ၈၆၆ ပွဲ ပါဝင်ကစားပြီး ၅၁၁ ဂိုး သွင်းယူကာ ကစားခဲ့တဲ့ အသင်းတိုင်းမှာ ဆုဖလားအောင်မြင်မှု အများ အပြားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၁ နှစ်အရွယ်ရှိ အီဘရာဟီမိုဗစ်ဟာ ဆွီဒင်လက်ရွေးစင် အသင်းအတွက် ၂၀၀၁ မှာ စတင် ပွဲထွက်ခွင့် ရခဲ့ပြီး ၁၂၂ ပွဲ ပါဝင်ကစားကာ ၆၂ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Daily Mail