CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၆

ရုရှားနဲ့ ဘယ်လာရုစ် ကစားသမားတွေဟာ ဗြိတိန်နိုင်ငံ ဝင်ရောက်ခွင့် ဗီဇာကို စောင့်ဆိုင်းနေရတဲ့အတွက် ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲ မယှဉ်ပြိုင်ရမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲ ကျင်းပရေး The All England Club က ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် ကစားသမားတွေကို ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားပါတယ်။

အခုနှစ်မှာတော့ ဒီနှစ်နိုင်ငံကို ပြန်လည် ယှဉ်ပြိုင်ခွင့် ပေးခဲ့ပေမယ့် ကြားနေအဖြစ် ယှဉ်ပြိုင်ဖို့အတွက် ညွှန်ကြား ထားတဲ့ ကြေညာချက်တွေကိုတော့ လက်မှတ် ရေးထိုးရမှာ ဖြစ်ပါတယ်။

ဒီကစားသမားတွေကို ဗြိတိန်နိုင်ငံအတွင်း ဝင်ရောက်ခွင့် မပြုခင်မှာ စစ်ဆေးမှုတွေ ပြုလုပ်တာ ခံရမယ်လို့လည်း ဗြိတိန်ပြည်ထဲရေးရုံးက ပြောထားပါတယ်။ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲကို ဇူလိုင်လ ၃ ရက်ကနေ ၁၆ ရက်အထိ လန်ဒန်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

မက်ဒရစ်အိုးပန်းနဲ ပြင်သစ်အိုးပန်းပြိုင်ပွဲမှာ အထင်ကြီးဖွယ် ကောင်းလောက်တဲ့ လက်စွမ်းတွေ ပြသနိုင်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ်ရှိ ရုရှားနိုင်ငံသူ မီရာအန်ဒရီဗာက ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင် နိုင်မလားဆိုတာ သူမ စောင့်ကြည့်နေဆဲ ဖြစ်တယ်လို့ ပြောထားပါတယ်။

ရုရှားနိုင်ငံသူ မီရာအန်ဒရီဗာကို တွေ့ရစဉ်

မီရာအန်ဒရီဗာဟာ လွန်ခဲ့တဲ့ ၆ ပတ်ကျော်က သူမရဲ့ ဗီဇာအတွက် လျှောက်ထားခဲ့ပေမယ့် အခုအချိန်ထိ ခွင့်ပြုခြင်း မရှိသေးပါဘူး။

မီရာအန်ဒရီဗာက “အခုပြိုင်ပွဲတွေမှာ ကန့်သတ်ချက်တွေ ရှိနေတုန်းပါပဲ။ ကျမရဲ့ နောက်ထပ်ပြိုင်ပွဲက ဝင်ဘယ်လ် ဒန် ဖြစ်ရပါမယ်။ ဒါပေမယ့် အခုထိ ဗီဇာမရသေးပါဘူး။ ဒါကြောင့် ကျမ ဝင်ဘယ်လ်ဒန်ပြိုင်ပွဲမှာ ပါဝင်နိုင်ခြင်း ရှိ၊ မရှိဆိုတာ စောင့်ကြည့်ရမှာပါ”လို့ ပြောခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ဗြိတိန်အစိုးရက ရုရှားနိုင်ငံနဲ့ နိုင်ငံသား တွေကို ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အစိုးရဝက်ဘ်ဆိုက်တွေမှာ နိုင်ငံတကာ အားကစားသမားတွေရဲ့ ဗီဇာကို ဆောင်ရွက်ဖို့ အချိန် ၃ ပတ် ကြာနိုင် တယ်လို့ ဖော်ပြခဲ့ပေမယ့် ဒီထက်လည်း ပိုပြီး ကြာနိုင်ပါတယ်။

လက်ရှိအချိန်မှာ ရုရှားနဲ့ ဘယ်လာရုစ် ကစားသမားတွေဟာ ATP နဲ့ WTA Tour ပြိုင်ပွဲတွေမှာ ကြားနေ အားကစား သမားတွေအဖြစ် ဝင်ရောက် ယှဉ်ပြိုင်နေရတာ ဖြစ်ပါတယ်။

Source: BBC