CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၅

လာဘ်ပေးလာဘ်ယူမှုနဲ့ တရုတ်နိုင်ငံမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကွင်းလယ်ကစားသမား ဆွန်ဂျွန်ဟိုကို ပီရူး၊ အယ်လ်ဆာဗေးဒိုးတို့နဲ့ ခြေစမ်းမယ့် တောင်ကိုရီးယား အသင်းလူစာရင်းမှာ နည်းပြ ကလင်းစမန်းက ထည့်သွင်း ထားခဲ့ပါတယ်။

တရုတ်စူပါလိဂ်ကလပ် ရှန်ဒေါင်းတိုင်ရှန်အသင်းမှာ ကစားနေတဲ့ ဆွန်ဂျွန်ဟိုဟာ တောင်ကိုရီးယားအသင်းရဲ့ ၂၃ ဦး လူစာရင်းမှာ ပါဝင်နေခဲ့တာပါ။

တောင်ကိုရီးယားအသင်းဟာ ဇွန်လ ၁၆ ရက်မှာ ပီရူး၊ ၂၀ ရက်မှာ အယ်လ်ဆာဗေးဒိုးအသင်းနဲ့ နိုင်ငံအတွင်းမှာ ခြေစမ်းပွဲ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ကလင်းစမန်းက “ဆွန်ဂျွန်ဟိုရဲ့ အခြေအနေကို ကျနော်တို့အားလုံး ထိတ်လန့်နေကြပြီး သူ့ကို ကျနော်တို့ အပြည့် အဝ ထောက်ခံပါတယ်။ နေ့တိုင်း တစ်ခုခု ဖြစ်မယ်လို့ မျှော်လင့်ထားပေမယ့် ဒါက ကျနော်တို့ရဲ့ လက်ထဲမှာ မဟုတ်ပါဘူး။ တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ်နဲ့ ကျနော်တို့ လူတွေက တရုတ်ကို သွားရောက်ခဲ့တာ သိပါ တယ်။ ကျနော်တို့က သူ့ကို အိမ်ပြန်ရောက်လာနိုင်အောင် ကြိုးစားမှာပါ။ သူဟာ ပြီးခဲ့တဲ့ ကိုလံဘီယာ၊ ဥရုဂွေး ၂ ပွဲ စလုံးမှာ ထူးချွန်ခဲ့ပါတယ်။ သူ့ကို ပြန်လွှတ်ပေးဖို့ ကျနော်တို့ တကယ်ကို မျှော်လင့်နေပါတယ်”လို့ ပြောခဲ့ပါတယ်။

တောင်ကိုရီးယားအသင်း နည်းပြ ကလင်းစမန်းကိုတွေ့ရစဉ်

ဆွန်ဂျွန်ဟိုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်ကိုရီးယား အသင်းအတွက် ၃ ပွဲ ပါဝင်ကစားခဲ့တာပါ။

ဆွန်ဂျွန်ဟိုဟာ နိုင်ငံ့ဝန်ထမ်း မဟုတ်တဲ့ အလုပ်သမားတွေဆီကနေ လာဘ်ယူတယ်လို့ သံသယရှိတာကြောင့် လျောင်နင်းပြည်နယ်ရှိ ပြည်သူ့လုံခြုံရေးဌာနက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

ဆွန်ဂျွန်ဟိုဟာ ဂျာမနီလူမျိုးနည်းပြ ကလင်းစမန်း ပထမဆုံးကိုင်တွယ်တဲ့ ကိုလံဘီယာနဲ့ ဥရုဂွေး ၂ ပွဲစလုံးမှာ ရွေးချယ်ခံခဲ့ရပြီး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အခုလိုမျိုးထပ်ပြီး ရွေးချယ်ခံခဲ့ရတာပါ။

အသက် ၃၁ နှစ်အရွယ်ရှိ ဆွန်ဂျွန်ဟိုဟာ တောင်ကိုရီးယား လက်ရွေးစင် အသင်းအတွက် ပွဲပေါင်း ၂၀ ပါဝင် ကစားထားတာ ဖြစ်ပါတယ်။

Source: CNA