CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၅

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက အခုရာသီအကုန်မှာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တဲ့ တိုက်စစ်မှူး ဘန်ဇီမာရဲ့ ဆုံးဖြတ်ချက်အပေါ် အံ့အားသင့်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။

အန်ဆယ်လော့တီက “ကျနော်ဟာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ဦးကို လေ့ကျင့်ပေးနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး တစ်ဦးအနေနဲ့တင် မဟုတ်ဘဲ ပြီးပြည့်စုံတဲ့ ဘောလုံးသမားတစ်ဦး အနေနဲ့ပါ။ သူဟာ ကြီးမြတ်တဲ့ လူဖြစ်ပြီး ကြင်နာတက်တယ်၊ နှိမ့်လည်းနှိမ့်ချပါတယ်။ ကျနော်တို့ မပျော်ရွှင်ပေမယ့် သူ့ကို လေးစားရပါမယ်။ သူ ဟာ ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။ သူထွက်ခွာတာကို အံ့အားသင့်ခဲ့ပေမယ့် ဒါက အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ရဲ့ အစိတ်အပိုင်းပါ။ သူလုပ်ခဲ့တဲ့ အရာတွေအတွက် သူ့အပေါ် လေးစားမှုရှိကြောင်း ကျနော်ပြခဲ့ပါတယ်”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ရီးရယ်လ်အသင်းဟာ ဘီလ်ဘာအိုအသင်းနဲ့ ကစားခဲ့တဲ့ အခုနှစ်ရာသီ လာလီဂါ နောက်ဆုံးပွဲ မတိုင်ခင်မှာ ဘန်ဇီမာ အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟောင်းဟာ ဘီလ်ဘာအိုအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ ရီးရယ်လ်အတွက် ပါဝင် ကစားသွားခဲ့ပြီး ပင်နယ်တီကနေ ချေပဂိုး သွင်းယူကာ စပိန်ကလပ် ကစားသမားဘဝ နောက်ဆုံးသွင်းဂိုးကို သွင်းယူခဲ့တာပါ။

ဘာနေဗျူးရှိ လူအုပ်ကြီးဟာ ဘန်ဇီမာကို လူစားလဲချိန်မှာ မတ်တပ်ရပ်ကာ လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြပြီး ကစား သမားကလည်း ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့ပါတယ်။

ဘန်ဇီမာကို တွေ့ရစဉ်

အသက် ၃၅ နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူးဟာ ရီးရယ်လ်အသင်းကို ၂၀၀၉ မှာ လိုင်ယွန် အသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပွဲပေါင်း ၆၄၈ ပွဲ ပါဝင်ကစားခဲ့ကာ ၃၅၄ ဂိုး သွင်းယူပြီး ချန်ပီယံလိဂ်ဖလား ၅ ကြိမ်၊ လာလီဂါဖလား ၄ ကြိမ် အပါအဝင် ဆုဖလား အောင်မြင်မှု အများအပြားကို ရယူနိုင်ခဲ့ပါတယ်။

ဘန်ဇီမာဟာ ဆော်ဒီကလပ် အယ်လ်အီးတီဟတ် အသင်းရဲ့ ကြီးမားတဲ့ ကမ်းလှမ်းမှုပမာဏကို လက်ခံ ရရှိထား တာကြောင့် ဒီအသင်းထံ ပြောင်းရွှေ့သွားနိုင်ဖွယ် ရှိနေပါတယ်။

ရီးရယ်လ်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဘန်ဇီမာနေရာ အစားထိုးဖို့အတွက် တိုက်စစ်မှူး ရှာဖွေနေပြီး စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းက ဦးစားပေး ပစ်မှတ်အဖြစ်ရှိနေကာ နာပိုလီတိုက်စစ်မှူး အိုဆင်ဟမ်ကိုလည်း ခေါ်ယူမယ့် ကစားသမားစာရင်းထဲ ထည့်သွင်းထားတာပါ။

ရီးရယ်လ်အသင်းဟာ ဘီလ်ဘာအိုအသင်းနဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အသင်းကနေ ထွက်ခွာမယ့် ဘန်ဇီမာ အပြင် ဟာဇတ်၊ မာရီယာနိုဒီယတ်ဇ်နဲ့ အဆန်စီယို တို့ကိုလည်း နှုတ်ဆက်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

Source: Goal