CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၃

ရီးရယ်လ်နည်းပြ အန်ဆယ်လော့တီဟာ တိုက်စစ်မှူး ဘန်ဇီမာရဲ့ အနာဂတ်အပေါ် သံသယတွေ ရှိလာတာကြောင့် စပါးတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူပေးဖို့ အသင်းဘုတ်အဖွဲ့ကို ပြောခဲ့ပါတယ်။

ဟာရီကိန်းနဲ့ စပါးအသင်းတို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုလာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းရဲ့ ဦးစားပေးပစ်မှတ်အဖြစ် ရှိနေခဲ့တာပါ။

စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းက အင်္ဂလန်အသင်းခေါင်းဆောင်ကို ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေထံ မရောင်းချချင်တာကြောင့် ဒီအပြောင်းအရွှေ့ဟာ ရီးရယ်လ်အတွက် ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ နည်းပြ အန်ဆယ်လော့တီက ယူဆနေတာဖြစ်ပါတယ်။

အီတလီလူမျိုးနည်းပြဟာ ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ အသင်းအကြီးအကဲတွေရဲ့ အစည်းအဝေးမှာ ဟာရီကိန်းကို ခေါ်ယူဖို့ ပြောခဲ့တာကြောင့် ရီးရယ်လ်အသင်းကလည်း နံပတ် ၉ အသစ်အတွက် ခေါ်ယူ မယ့် အစီအစဉ်တွေကို အရှိန်မြှင့်ပြီးလုပ်ဆောင်နေတယ်လို့ The Athletic က ဖော်ပြခဲ့တာပါ။

ဘောလွန်းဒီအောဆု ရရှိထားတဲ့ ဘန်ဇီမာဟာ ဆော်ဒီကလပ်အသင်းတွေရဲ့ ကြီးမားတဲ့ ကမ်းလှမ်းမှု ပမာဏတွေကြောင့် ပြောင်းရွှေ့သွားနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် ကစားသမားဘက် ကတော့ အင်တာနက်ပေါ်က သတင်းတွေဟာ လက်တွေ့မကျဘူးလို့ ပြောထားပါတယ်။

 

စပါးအသင်းဟာ လက်ရှိအချိန်မှာ နည်းပြသစ် မခန့်အပ်ရသေးသလို လာမယ့်ရာသီ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် မရရှိထားပေမယ့်လည်း ဟာရီကိန်းကို ဆက်ပြီးထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ်ခဲ့တဲ့သတင်းတွေမှာ ဟာရီကိန်းဟာ ယူနိုက်တက်အသင်းကို ပြောင်းချင်တယ်လို့ ပြောထားခဲ့ပေမယ့် စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းက ဒီအပြောင်းအရွှေ့ကို ငြင်းဆန်ထားတာဖြစ်ပါတယ်။ အဲဒါကြောင့် အင်္ဂလန်တိုက်စစ်မှူးဟာ ဒီရာသီမှာ အပြောင်းအရွှေ့မဖြစ်ခဲ့ရင် စာချုပ်ကုန်ဆုံးမယ့် လာမယ့် ရာသီအကုန်မှသာ အလွတ်နဲ့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတာပါ။

ရီးရယ်လ်အသင်းဘက်ကတော့ ဟာရီကိန်းကို ခေါ်ယူနိုင်ဖို့အတွက် ဘန်ဇီမာရဲ့ အနာဂတ်အပေါ် မူတည် ပြီး ဆုံးဖြတ်ဖို့ရှိနေကာ ပြင်သစ်တိုက်စစ်မှူးနဲ့ စပိန်ကလပ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီ အကုန်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ ဒါပေမယ့် ရီးရယ်လ်အသင်းဟာ ဘန်ဇီမာကို တစ်ရာသီ ယူရို ၂၄ သန်း နဲ့ အလိုအလျောက် ၁ နှစ် ထပ်မံသက်တမ်းတိုးဖို့ မျှော်လင့်နေတာပါ။

ဆော်ဒီကလပ် အယ်လ်အီးတီဟတ်အသင်းကတော့ ဘန်ဇီမာကို ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင် ပြုလုပ်ခွင့်ရနိုင်ဖို့အတွက် သံတမန်အဖြစ် ကမ်းလှမ်းတာအပါအဝင် တစ်ရာသီ ယူရိုသန်း ၂၀၀ နဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားတာဖြစ်ပါတယ်။

Source:DailyMail