CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၃

ဝါရင့်နောက်ခံလူ တစ်ဦးဖြစ်တဲ့ ရာမို့စ်ဟာ အခုရာသီအကုန်မှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီကနေ ထွက်ခွာမယ်လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ အတည်ပြု လိုက်ပါတယ်။

ရာမို့စ်က “မနက်ဖြန်က ထူးခြားတဲ့နေ့ပါ၊ ကျနော့်ဘဝရဲ့ နောက်ထပ် အဆင့်တစ်ခုကို နှုတ်ဆက်ရတော့မှာပါ။ နှုတ်ဆက်ပါတယ် ပီအက်စ်ဂျီ။ ပြိုင်ပွဲတိုင်းကို ပါဝင်ကစားနိုင်ခဲ့တဲ့ အထူး ၂ နှစ်တာအတွက် ကျေးဇူးတင်ပြီး အရာ အားလုံးကို ကျနော်ပေးခဲ့ပါတယ်”လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ က ရီးရယ်လ်အသင်းကနေ စာချုပ်ကုန်ဆုံးပြီးနောက် ရောက်ရှိလာခဲ့တဲ့ ရာမို့စ်နဲ့ ပီအက်စ်ဂျီအသင်းတို့ချုပ် ဆိုထားတဲ့ ၂ နှစ်စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးမှာပါ။

အဲဒါကြောင့် ရာမို့စ်ဟာ မက်ဆီပြီးနောက် ပီအက်စ်ဂျီကနေ ထွက်ခွာမယ့် နောက်ထပ် နာမည်ကြီး ကစားသမား ဖြစ်လာခဲ့ပါတယ်။

ရာမို့စ်ကိုတွေ့ရစဉ်

အသက် ၃၇ နှစ်အရွယ်ရှိ ရာမို့စ်ဟာ ပီအက်စ်ဂျီအသင်းကို ရောက်ရှိလာခဲ့တဲ့ ပထမရာသီမှာ ဒဏ်ရာတွေကြောင့် ၁၃ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပေမယ့် ဒုတိယရာသီမှာတော့ ၄၄ ပွဲအထိ ပါဝင်ကစားပေးနိုင်ခဲ့တာပါ။

ရာမို့စ်ဟာ ပီအက်စ်ဂျီ အသင်းနဲ့အတူ လီဂူးဝမ်းဆုဖလား ၂ ခု ရယူနိုင်ခဲ့ပေမယ့် အသင်းမျှော်လင့်ထားတဲ့ ချန်ပီယံ လိဂ်ဖလား ရရှိအောင်တော့ မကူညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

စပိန်ဝါရင့် နောက်ခံလူဟာ ကလဲယားမောင့်နဲ့ ကစားမယ့် အခုနှစ်ရာသီ ပြင်သစ်လီဂူးဝမ်း နောက်ဆုံးပွဲစဉ်မှာ ပီအက်စ်ဂျီအတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားမှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီက “ဆာဂျီယိုရဲ့ ခေါင်းဆောင်မှု၊ အသင်းလိုက် စိတ်ဓါတ်နဲ့ ပရော်ဖက်ရှင် နယ် ဆန်မှု၊ အမြင့်ဆုံးအဆင့်မှာ သူ့ရဲ့ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ထားပါတယ်။ ဒါတွေက သူ့ကို စစ်မှန်တဲ့ ဘောလုံး ဂန္တဝင်ဖြစ်စေခဲ့ပြီး သူ့ကို ပဲရစ်မှာရှိအောင် လုပ်ရတာကို ဂုဏ်ယူမိပါတယ်”လို့ ပြောခဲ့ပါတယ်။

ရာမို့စ်ကို ခေါ်ယူဖို့ ဆော်ဒီကလပ်တွေက လုပ်အားခ အများအပြားနဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ နာမည်ကြီး ဂျာနယ်လစ် ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပေမယ့် ကစားသမားဘက်ကတော့ အနာဂတ်ကို ဆုံးဖြတ်ချက် မချ ရသေးပါဘူး။

Source: Goal