CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၄

အသက် ၄၁ နှစ် အရွယ်ရှိပြီဖြစ်တဲ့ အီဘရာဟီမိုဗစ်က သူဟာ စူပါမန်းလို ခံစားရပြီး လာမယ့် ရာသီမှာလည်း ဘောလုံးဆက်ပြီး ကစားဦးမယ်လို့ ပြောခဲ့ပါတယ်။

အီဘရာဟီမိုဗစ်က “ကျနော်က အရှုံးပေးမယ့်သူ မဟုတ်ပါဘူး။ ဒါပေမယ့် ခင်ဗျားလုပ်တဲ့ နေရာမှာတော့ ပျော်ရွှင်မှု ရှိရပါမယ်။ ကျနော်ပေးစရာ တစ်ခုခု ကျန်ရှိသေးတယ်လို့ ထင်ပြီး အနားယူမယ့် အကြောင်းကို မစဉ်းစားသေး ပါဘူး။
ဆက်ပြီး ကစားမယ့် အကြောင်းကိုပဲ စဉ်းစားထားပါတယ်။ ကျနော်ဟာ အဆင်ပြေပြီး အလုပ်တွေလည်း အများကြီး လုပ်ခဲ့ပါတယ်။ ကျနော့်ရဲ့ ဦးခေါင်းက သန်မာပြီး၊ ကျနော်ပြန်လာတိုင်းကို စူပါမန်းလို ခံစားရပါတယ်။ ဒါပေမယ့် ဟန်ချက်တော့ညီရမယ်”လို့ လာကာဇက်တာဒယ်လိုစပေါ့ကို ပြောခဲ့ပါတယ်။

ဝါရင့်တိုက်စစ်မှူးဟာ ဒီရာသီမှာ ဒဏ်ရာတွေကြောင့် အေစီမီလန် အသင်းအတွက် ၄ ပွဲသာ ပါဝင်ကစား နိုင်ခဲ့ပါ တယ်။

အီဘရာဟီမိုဗစ်ဟာ ၂၀၂၂ ခုနှစ်၊ မေလမှာ ဒူးခွဲစိတ်မှု ခံယူခဲ့ရပြီး အခုနှစ် ဖေဖော်ဝါရီလမှ အေစီမီလန်အသင်း အတွက် ကစားပေး နိုင်ခဲ့တာပါ။

အီဘရာဟီမိုဗစ်ကို တွေ့ရစဉ်

ဆွီဒင်တိုက်စစ်မှူးဟာ အခုနှစ်ရာသီ ပွဲအများစုကို မပါဝင်နိုင်ခဲ့ပေမယ့် လာမယ့်ရာသီမှာ ဆက်ပြီးကစားဖို့ စိတ်ပိုင်း ဖြတ်ထားပါတယ်။

အီဘရာဟီမိုဗစ်နဲ့ အေစီမီလန်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး သူ ဟာ အသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုရသေးပါဘူး။

အီတလီထိပ်သီး ကလပ်ဟာ အီဘရာဟီမိုဗစ်ကို သက်တမ်းတိုး စာချုပ်ထပ်ပြီး ချုပ်ဆိုတော့မှာ မဟုတ်ဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ အီဘရာဟီမိုဗစ်ဟာ ကြွက်သားဒဏ်ရာကြောင့် အခုနှစ်ရာသီ စီးရီးအေ နောက်ဆုံး ပွဲစဉ်ဖြစ်တဲ့ ဗီရိုနာနဲ့ ပွဲမှာ ပါဝင်နိုင်ဖွယ် မရှိပါဘူး။

အီဘရာဟီမိုဗစ်ဟာ အေစီမီလန်အသင်းအတွက် ဒုတိယအကြိမ်မြောက် ကစားခဲ့တဲ့ အချိန်အတွင်း ပွဲပေါင်း ၇၈ ပွဲ ပါဝင် ကစားခဲ့ပြီး ၃၇ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ အီဘရာဟီမိုဗစ်ကို ခေါ်ယူဖို့ စီးရီးအေကလပ် တစ်သင်းဖြစ်တဲ့ မွန်ဇာအသင်းက စိတ်ဝင်စား နေတာ ဖြစ်ပါတယ်။

Source: Goal