CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

အီဘရာဟီမိုဗစ်ဟာ အသင်းကြီးနဲ့ ကစားခဲ့တဲ့ပွဲမှာ အေစီမီလန် ယူ-၁၈ အသင်းအတွက် သားဖြစ်သူနဲ့အတူ ဝင်ရောက် ကစားသွားခဲ့ပါတယ်။

မကြာသေးခင်ကမှ ဒဏ်ရာကနေ ပြန်ကောင်းမွန်လာခဲ့တဲ့ အီဘရာဟီမိုဗစ်ဟာ အသင်းကြီးမှာ ဝင်ရောက် မကစားခင် အေစီမီလန် ယူ-၁၈ အသင်းအတွက် ပါဝင်ကစားခဲ့ခြင်း ဖြစ်ပါတယ်။

ဝါရင့်တိုက်စစ်မှူးကြီးဟာ လူငယ်အသင်းမှာ သားဖြစ်သူ မတ်ဇီမီလီယံနဲ့အတူ တွဲကစားခဲ့ပြီး အီဘရာဟီမိုဗစ်ဟာ လေ့ကျင့်ရေးပွဲစဉ်မှာ သူကစားနေတဲ့ နေရာအတိုင်း ကစားခဲ့ပါတယ်။ သားဖြစ်သူကတော့ တောင်ပံမှာ ကစားခဲ့ပါ တယ်။

အီဘရာဟီမိုဗစ်ရဲ့ နောက်ထပ် သားဖြစ်သူ ဗင်းဆန့်ကလည်း အေစီမီလန်အသင်းမှာပဲ ရှိနေပါတယ်။ အဲဒီ လူငယ် ကစားသမားနှစ်ဦးဟာ ဖခင်နဲ့အတူ တစ်သင်းတည်းမှာ ကစားနေတာပါ။

အီဘရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့ ရာသီအကုန်က ဒူးဒဏ်ရာကို ခွဲစိတ် ကုသမှု ခံယူခဲ့ရပြီး ဒီရာသီမှာ အသင်းအတွက် တစ်ပွဲမှ ပါဝင်ကစားနိုင်ခြင်း မရှိသေးပါဘူး။

အေစီမီလန် ယူ-၁၈ အသင်းမှာ လေ့ကျင့်ခန်းဆင်းနေတဲ့ အီဘရာဟီမိုဗစ်ကိုတွေ့ရစဉ်

ဆွီဒင်လက်ရွေးစင် ကစားသမားဟာ မကြာသေးခင်ကမှ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပြန်လည် ပါဝင်လာခဲ့ပြီး အသင်းကြီးအတွက် အမြန်ဆုံး ပါဝင်ကစားနိုင်ဖို့ ပစ်မှတ်ထား နေတာဖြစ်ပါတယ်။

ဒါပေမယ့် နည်းပြ ပိုင်အိုလီကတော့ အီဘရာဟီမိုဗစ်ကို ချန်ပီယံလိဂ် ရှုံးထွက်အဆင့်အတွက် ကစားသမား စာရင်းမှာ ထည့်သွင်းထားခြင်း မရှိပါဘူး။

အေစီမီလန်အသင်းဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေဖလား ဆွတ်ခူးနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ရလဒ်တွေ မကောင်းမွန်တာကြောင့် ထိပ်ဆုံးက ဦးဆောင်နေတဲ့ နာပိုလီအသင်းနဲ့ ၁၈ မှတ် ကွာဟနေပြီး အဆင့် ၅ နေရာမှာ ရပ်တည်နေတာပါ။

ဒါပေမယ့် မကြာသေးခင်က ကစားခဲ့တဲ့ တိုရီနိုနဲ့ စီးရီးအေပွဲမှာ ၁ ဂို- ဂိုး မရှိနဲ့ အနိုင်ရခဲ့သလို စပါးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရကာ ရလဒ်ကောင်းတွေကို ပြန်လည် ရှာဖွေနိုင်ခဲ့ပါတယ်။

အေစီမီလန်အသင်းဟာ စနေနေ့မှာ စီးရီးအေ ပွဲစဉ်အဖြစ် မွန်ဇာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီရာသီ သူ့ရဲ့ ပထမဆုံး ပွဲစဉ်အဖြစ် အီဘရာဟီမိုဗစ် ပါဝင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။