CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

စီးရီးအေကလပ် ဆလာနီတာနာအသင်းဟာ ရက်ပေါင်း ၃၁ ရက် အတွင်းမှာ နည်းပြဖြစ်သူ နီကိုလာကို ဒုတိယ အကြိမ်အဖြစ် ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။

အသက် ၄၉ နှစ်အရွယ်ရှိ နီကိုလာဟာ အတ္တလန္တာအသင်းကို ၈ ဂိုး- ၂ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်ပြီးနောက် ထုတ်ပယ် ခံခဲ့ရပေမယ့် ၂ ရက်အကြာမှာ နည်းပြအဖြစ် ပြန်လည် ခန့်အပ်ခြင်း ခံခဲ့ရတာပါ။

နီကိုလာဟာ ပြန်လည် ခန့်အပ်ခံရပြီးနောက် ဆလာနီတာနာအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရပြီး ၃ ပွဲ အရေးနိမ့်ခဲ့တာကြောင့် အသင်းဟာ တန်းဆင်းဇုန်အဆင့် ၁၈ နေရာမှာရှိတဲ့ ဗီရိုနာအသင်းနဲ့ ၄ မှတ်အကွာ အဆင့် ၁၆ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

အီတလီလူမျိုးနည်းပြဟာ ဆလာနီတာနာအသင်းကို နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ၁၀ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး ၇ ပွဲအထိ အရေးနိမ့်ခဲ့တာကြောင့် ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

နည်းပြ နီကိုလာကိုတွေ့ရစဉ်

နီကိုလာဟာ ဆလာနီတာနာအသင်းကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ကိုင်တွယ်ခဲ့တဲ့ ၃၈ ပွဲမှာ ၉ ပွဲနိုင် ၁၂ ပွဲသရေနဲ့ ၁၇ ပွဲအထိ အရေးနိမ့်ကာ အနိုင် ရာခိုင်နှုန်း ၂၃.၆၈ သာ ရှိတယ်လို့ အချက်အလက် တွေအရ သိရတာပါ။

ဆလာနီတာနာ အသင်းဟာ နီကိုလာရဲ့ နေရာမှာ ဖီအိုရင်တီးနား အသင်းနည်းပြဟောင်း ပေါ်လိုဆိုဆာကို နည်းပြ သစ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ပေါ်လိုဆိုဆာဟာ ဆာလာနီတာနာအသင်း ပွဲဦးထွက်အဖြစ် တနင်္ဂနွေနေ့မှာ ကစားမယ့် လာဇီယိုအသင်းနဲ့ စီးရီးအေပွဲစဉ်ကို စတင် ကိုင်တွယ်ရမှာလည်း ဖြစ်ပါတယ်။

ပေါ်လိုဆိုဆာဟာ နာမည်ကြီး အသင်းတွေဖြစ်တဲ့ လက်စတာ၊ ဘေဆယ်လ်၊ ဘော်ဒိုးနဲ့ ပိုလန် လက်ရွေးစင် အသင်းတို့ကိုလည်း ကိုင်တွယ်ခဲ့ဖူးပါတယ်။

စီးရီးအေ အမှတ်ပေး ဇယားအဆင့် ၁၇ နေရာမှာ ရပ်တည်နေတဲ့ စပီဇီယာအသင်းကလည်း ရလဒ်တွေ ဆိုးရွားနေ တာကြောင့် နည်းပြဖြစ်သူ လူကာဂေါ်တီကို ရာထူးကနေ ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။

Source: CNA