CNI International News

ဖနွမ်ပင်၊ နိုဝင်ဘာ ၁၅

ပြီးခဲ့သည့် ရက်ပိုင်းက ကျင်းပ ပြီးစီးခဲ့သော အာဆီယံထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးတွင် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင် အဖြစ်ကနေ ထုတ်ပယ်ပစ်ဖို့ နိုင်ငံတချို့က အဆိုပြု၍ အငြင်းပွားစရာ ဆွေးနွေးမှုများ ရှိခဲ့သည် ဟု ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် အကြိမ် ၄၀ နှင့် ၄၁ ကြိမမြောက် အာဆီယံထိပ်သီးအစည်းအဝေးများ၌ အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့် မည်သို့ဆက်ဆံသင့်ကြောင်း ဆွေးနွေးမှုများအနက် အနည်းငယ် အငြင်းပွား စရာ ဖြစ်လာကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက နိုဝင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချပြီး ကတည်းက မြန်မာပြည်တွင်း နိုင်ငံရေးအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသလို တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့်လည်း လူထောင် ပေါင်းများစွာ သေကြေပျက်စီးခဲ့ရသည်။

အာဆီယံ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးတွင် ထိုင်ခုံအလွတ်ဖြစ်နေသော မြန်မာ(Reusters)

မြန်မာ့အကျပ်အတည်းသည် အာဆီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာသည့် အာဆီယံ ခေါင်းဆောင် များအတွက် အဓိကစိုးရိမ်ပူပန်စရာ ဖြစ်ခဲ့ရသည်ဟု မားကို့စ်က ဆက်လက် ပြောကြားခဲ့သည်။

“အဲဒီနေရာမှာ နည်းနည်းတော့ ငြင်းစရာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံထဲမှာ မြန်မာနိုင်ငံကို ဖယ်ချန်ထားချင်တဲ့ နိုင်ငံတွေ (ဒါမှမဟုတ်) အစည်းအဝေး မဖိတ်ချင်တဲ့နိုင်ငံတွေ ရှိနေပါတယ်။ တချို့နိုင်ငံတွေ ကလည်း မြန်မာကို ထုတ်ပစ်သင့်တယ်လို့ ပြောကြတယ်။ တချို့ကလည်း မြန်မာစစ်တပ် ထိပ်ပိုင်းကို တင်မကဘဲ အောက်ခြေတပ်သားတွေအထိပါ ပြောသင့်တယ်လို့ ဆွေးနွေးကြတယ်” ဟု အစည်းအဝေးအတွင်း အတွေ့အကြုံ ကို ၎င်းက ရှင်းပြသည်။
“ကျနော်တို့အားလုံး အမြင်ချင်း မတူကြပါဘူး။ အာဆီယံကနေ မြန်မာကို လုံးဝထုတ်ပစ်ဖို့ အဆိုလည်း ရှိပါတယ်။ အပြည့်အဝ ထိတွေ့ဆက်ဆံမယ်ဆိုရင်လည်း အနည်းငယ် ကွဲပြားတဲ့ ရပ်တည်ချက်တွေ ရှိပါတယ်” ဖိလစ်ပိုင် သမ္မတ မားကို့စ်က ထပ်လောင်း ပြောကြားခဲ့သည်။

၎င်း၏ ရပ်တည်ချက် အပိုင်းနှင့်ပတ်သက်၍ မားကို့စ်က “စစ်တပ်အုပ်ချုပ်သူများနှင့် အတိုက်အခံ လှုပ်ရှားသူများ အပါအဝင် သက်ဆိုင်သူ အားလုံးနှင့် အာဆီယံ တိုက်ရိုက် ထိတွေ့ဆက်ဆံခြင်းအားဖြင့် မြန်မာပြည်တွင်း အကြမ်း ဖက်မှုများ အဆုံးသတ်ပေးဖို့ အရေးကြီးကြောင်း” ထုတ်ဖော်ပြောကြားခဲ့သည်။

အာဆီယံ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေး ကျင်းပနေသည်ကိုတွေ့ရစဉ်

“သူတို့ဆီက အားလုံးနဲ့ စကားပြောသင့်တယ်လို့ ကျနော် ချပြခဲ့ပါတယ်။ ပါဝင်ပတ်သက်သူတိုင်းနဲ့ စိတ်ပါဝင်စားသူ တိုင်းနဲ့ ဆွေးနွေးကြပါစို့လို့ ကျနော် ပြောခဲ့ပါတယ်။ အခုဖြစ်နေတာက ဘယ်သူကမှ စစ်ဗိုလ်ချုပ်တွေကို မဆက်ဆံ ချင်ကြဘူး။

ဘယ်သူကမှ အစိုးရအဆင့်မြင့် တာဝန်ရှိသူတွေနဲ့ မဆက်ဆံချင်ကြပါဘူး။ ဒါပေမယ့် သေချာတာက တော့ ကွဲပြားခြားနားတဲ့ ထိတွေ့ဆက်ဆံမှု အဆင့်တွေကို အဆိုပြု ထားတယ်ဆိုတာပါ” ဟု မားကို့စ် ပြောသည်။

နိုဝင်ဘာ ၁၂ ရက်တွင် အာဆီယံခေါင်းဆောင်များသည် ၎င်းတို့ အစုအဖွဲ့နှင့် မြန်မာနိုင်ငံတို့ သဘောတူ လက်ခံ ထားသည့် အချက် ၅ ချက်ကို အလုံးစုံ အကောင်အထည် ဖော်သင့်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ သည်။

အဆိုပါ အချက် ၅ ချက်တွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံး အကြား အပြုသဘောဆောင် ဆွေးနွေးကြဖို့ တောင်းဆိုထားသည်။

Source: ABS/CBN News