CNI International News

မော်စကို၊ နိုဝင်ဘာ ၁၅

ယူကရိန်းအရေးနှင့်ပတ်သက်၍ ရုရှားလျော်ကြေးပေးရန် ကုလသမဂ္ဂ (UN) ဆုံးဖြတ်ချက်ကို အတည်ပြု လိုက်ပြီးနောက် UN အထွေထွေညီလာခံအနေဖြင့် ကိုရီးယား၊ ဗီယက်နမ်၊ အီရတ်၊ ယူဂိုဆလားဗီးယားနှင့် အခြားနိုင်ငံတို့၏ ပျက်စီးဆုံးရှုံးမှုများအတွက်လည်း အမေရိကန်လျော်ကြေးပေးဖို့ ဆက်လက်ဆုံးဖြတ်ပေးရန် ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီမက်ဗီဒက်က နိုဝင်ဘာ ၁၄ ရက်တွင် တောင်းဆိုခဲ့သည်။

“ကိုရီးယား၊ ဗီယက်နမ်၊ အီရတ်၊ ယူဂိုဆလားဗီးယားနဲ့ အမေရိကန်၊ နေတိုးတို့ကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ တခြားနိုင်ငံတွေအပေါ် အမေရိကန်ရဲ့ စုစုပေါင်းလျော်ကြေးကို နစ်နာမှုနဲ့ထပ်တူ ဆုံးဖြတ်ချက်ချသင့်ပါတယ်” ဟု မက်ဗီဒက်က ၎င်း၏တယ်လီဂရမ်ချန်နယ်ပေါ်တွင် ရေးသားလွှင့်တင်ခဲ့သည်။

ယူကရိန်းနိုင်ငံ၏ပျက်စီးဆုံးရှုံးမှုများအတွက် ရုရှားလျော်ကြေးပေးဖို့ ယန္တရားတစ်ခုထူထောင်ရန် လိုအပ်ကြောင်း အသိအမှတ်ပြုသည့်ဆုံးဖြတ်ချက်အပေါ် ကုလသမဂ္ဂတွင် မဲခွဲဆုံးဖြတ်ခဲ့ရာ၌ မက်ဗီဒက်က အထက်ပါအတိုင်း သဘောထားမှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

“အဲဒီလိုမှမဟုတ်ရင် ပြန်လည်သင့်မြတ်ရေးအတွက် အဓိကနိုင်ငံတကာအဖွဲ့အစည်းတစ်ခုအနေနဲ့ UN ဟာ နာကျင်စရာတစ်ခု အစပျိုးလိုက်ပုံရပါတယ်” ဟု ၎င်းက အလေးအနက် ပြောကြားခဲ့သည်။

ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီမက်ဗီဒက် (ဓါတ်ပုံ-TASS)

“အဆုံးသတ်အကျိုးအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးကို နာကျင်စေပါလိမ့်မယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ UN ဆုံးဖြတ်ချက်သည် သိမ်းဆည်းခံထားရသော ရုရှား၏ပိုင်ဆိုင်မှုများကို အနောက်အုပ်စုများက အသုံးချဖို့ အစီအစဉ်များကို တရားဝင်ဖြစ်စေဖို့ ရည်ရွယ်သည်ဟု မက်ဗီဒက်၏အဆိုအရ သိရသည်။

“သူတို့တတွေဟာ တရားမဝင် ချုပ်ကိုင်သိမ်းဆည်းထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို ခိုးထုတ်ဖို့ တရားဝင် အခြေခံတစ်ရပ် ကြိုးပမ်းနေတယ်ဆိုတာ ထင်ရှားပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၄ ရက်၌ UN အထွေထွေညီလာခံ၏ အရေးပေါ်အစည်းအဝေးတွင် ယူကရိန်းအပေါ် ရုရှား ထိခိုက် နစ်နာစေခဲ့သည်ဟူ၍ စွပ်စွဲထားသည့် နိုင်ငံတကာအဆိုပြုချက်တစ်ရပ်နှင့်အတူ ပြန်လည်ထူထောင်ရေး နှင့်ဆုံးရှုံးမှုလျော်ကြေးပေးရေး ယန္တရားလိုအပ်ချက် အသိအမှတ်ပြုကြောင်း အတည်ပြုခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်အတွက် နိုင်ငံပေါင်း ၉၄ နိုင်ငံက မဲပေးခဲ့ကြပြီး ၁၄ နိုင်ငံက ကန့်ကွက်မဲ၊ ကြားနေ ၇၃ မဲရရှိခဲ့သည်။

Source: တာ့စ်သတင်းဌာန