CNI International News

ဂျကာတာ၊ နိုဝင်ဘာ ၄

အာဆီယံနှင့် သဘောတူခဲ့သည့် ငြိမ်းချမ်းရေးအစီအစဉ် တိုးတက်မှုမရှိသည့်အတွက် နစကတွင် တာဝန်ရှိကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက နိုဝင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ရေးသား ဖော်ပြထားသည်။

ဒေသတွင်း အစုအဖွဲ့ဖြစ်သော အာဆီယံသည် ပဋိပက္ခဖြစ်ပွားနေသော မြန်မာနိုင်ငံတွင် ရန်လိုမှုများ အဆုံးသတ် နိုင်ရေးအတွက် အဆိုပါ ငြိမ်းချမ်းရေး အစီအစဉ်တွင် အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရွေးကောက်ခံအစိုးရ ဖြုတ်ချခံရပြီးနောက် အကြမ်းဖက်မှုများ ရပ်တန့်စေရေး အတွက် ငြိမ်းချမ်းရေးအစီအစဉ်အား အကောင်အထည်ဖော်ဖို့ မြန်မာကို အာဆီယံက တိုက်တွန်းခဲ့သည်။

ပြီးခဲ့သည့် ၁၈ လခန့်က သဘောတူခဲ့သော ယင်းအစီအစဉ်တွင် အပြုသဘောဆောင်သည့် ဆွေးနွေးရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ရရှိရေးနှင့် အာဆီယံ အထူးသံတမန်တစ်ဦး စေလွှတ်ရေးတို့ ပါဝင်ခဲ့သည်။

အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

လာမည့်နှစ်တွင် အာဆီယံဥက္ကဋ္ဌ တာဝန်ကို အင်ဒိုနီးရှားက ရယူမည်ဖြစ်သည်။


အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာစူဒီက အဆိုပါအစီအစဉ် တိုးတက်မှု မရှိခြင်းအတွက် နစကကိုသာ အပြစ်တင်ရမည်ဖြစ်ကြောင်း ရိုက်တာသို့ ပြောကြားခဲ့သည်။

“ဝေဖန်မှုတွေက အာဆီယံကို ရည်ရွယ်တာ မဟုတ်ဘူး။ နစကကိုပဲ ဦးတည်သင့်တယ်” ဟု အင်တာဗျူး တစ်ခု တွင် ၎င်းက ပြောကြားခဲ့သည်။

“ဘယ်သူ့ကို အပြစ်တင် ရမှာလဲ၊ ဘယ်သူက မအောင်မြင်အောင် လုပ်တာလဲဆိုရင် ကျမတို့လည်း မဟုတ်ဘူး။ အာဆီယံလည်း မဟုတ်ဘူး။ ကျမတို့က တခန်းတကဏ္ဍ အနေနဲ့ပဲ လုပ်ပေးခဲ့တာ” ဟု ၎င်းက ဆက်လက် ပြော ကြားခဲ့သည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ ရိုက်တာက သဘောထား မှတ်ချက် တောင်းခံခဲ့သော်လည်း မြန်မာဘက်မှ တုံ့ပြန်ခြင်း မရှိပါ။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က အင်ဒိုမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပနေစဉ်

အာဆီယံနှင့် သဘောတူခဲ့သည့် အစီအစဉ် တိုးတက်မှု မရှိခြင်းမှာ ပြည်တွင်း မတည်ငြိမ်မှုများနှင့် ကပ်ရောဂါ ကြောင့်ဟု နစကမှ ယခင်က အကြောင်းပြခဲ့သည်။

လာမည့် သီတင်းပတ် အာဆီယံခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး မတိုင်ခင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး အစီအစဉ်အတွက် အကြံပြုချက် အသစ်များ ထွက်ပေါ်လာမည်ဟု ရက်နိုမာစူဒီက ဆက်လက် ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံကို နိုင်ငံရေး အကျပ်အတည်းကနေ ရုန်းထွက်နိုင်အောင် ဆွေးနွေးပွဲတွေ အဆင်ပြေချောမွေ့ဖို့ ကျမ တို့ ဆောင်ရွက်ပေးခဲ့ပါတယ်။ နောက်ပြီးတော့ မြန်မာ့ပြဿနာကို ဘယ်သူက ဖြေရှင်းပေးနိုင်မှာလဲဆိုရင် အပြင် လူတွေက မဟုတ်ဘဲ မြန်မာပြည်သူတွေပါပဲ” ဟု သူမက ထပ်လောင်း ပြောကြားခဲ့သည်။

အဖွဲ့ဝင် ၁၀ နိုင်ငံ ပါဝင်သော အာဆီယံသည် နိုင်ငံအချင်းချင်း၏ ပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်သည့် မူဝါဒကို ကာလရှည်ကြာ ချမှတ်ခဲ့သော်လည်း တပ်မတော်အပေါ် ဖိအားပေးရန် တက်ကြွလှုပ်ရှားသူများ၏ တောင်းဆိုမှုများနှင့် ရင်ဆိုင်နေရသည်။

Source: Reuters