CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၇

အေစီမီလန်အသင်း အိုင်ကွန် မာလ်ဒီနီဟာ အသင်းပိုင်ရှင် ကာဒီနာလီနဲ့ တွေ့ဆုံအပြီးမှာ တင်းမာမှုတွေ ရှိခဲ့တာ ကြောင့် ကလပ်ရဲ့ နည်းစနစ် ဒါရိုက်တာ ရာထူးကနေ ထုတ်ပယ် ခံခဲ့ရတယ်လို့ သိရပါတယ်။

မာလ်ဒီနီနဲ့ အေစီမီလန် ဘောလုံးဒါရိုက်တာ မတ်စ်ဆာရာတို့ဟာ ၂၀၂၂-၂၃ ရာသီအပြီးမှာ နောက်ထပ် ရာသီသစ် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အသင်းပိုင်ရှင် ကာဒီနာလီနဲ့ တွေ့ဆုံခဲ့ကြတာပါ။

ဒါပေမယ့် တွေ့ဆုံမှုဟာ ကောင်းမွန်မှု မရှိခဲ့ဘဲ ဆွေးနွေးမှု ပြုလုပ်ခဲ့တာမှာ တင်းမာမှုတွေရှိခဲ့လို့ ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေအတွက် သဘောတူညီမှု မရခဲ့တာ ဖြစ်ပါတယ်။ Calciomercato က အေစီမီလန်အသင်းဟာ မာလ်ဒီနီနဲ့ မတ်စ်ဆာရာတို့ကို ရာထူးကနေ ထုတ်ပယ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

မာလ်ဒီနီလို ဂန္တဝင်ကစားသမားတစ်ဦး ထွက်ခွာသွားတဲ့အတွက် အေစီမီလန်အသင်း အနေနဲ့ ပရိသတ်တွေရဲ့ စိတ်ပျက်မှုကို ခံရနိုင်ပြီး ကြီးမားတဲ့ ထိုးနှက်ချက်တွေ ကြုံတွေ့လာရနိုင်ပါတယ်။

အသက် ၅၄ နှစ်အရွယ်ရှိ မာလ်ဒီနီဟာ အေစီမီလန်အသင်းမှာ ၁၉၈၄ ကနေ ၂၀၀၉ အထိ ကစားသမားအဖြစ် ၂၅ နှစ်ကြာ ကစားခဲ့ပြီး စီးရီးအေဖလား ၇ ကြိမ်နဲ့ ဥရောပဖလား ၅ ကြိမ်တို့ကို ရယူနိုင်ခဲ့တာပါ။

 

မာလ်ဒီနီကို တွေ့ရစဉ် 

ကစားသမားဘဝက အနားယူပြီးနောက် မာလ်ဒီနီဟာ ၂၀၁၈ မှာ အသင်း ဖွံ့ဖြိုးတိုးတက်ရေး ဒါရိုက်တာအဖြစ် အေစီမီလန်အသင်းထံ ပြန်ရောက်လာခဲ့ပြီး နောက်တစ်နှစ် အကြာမှာတော့ နည်းစနစ် ဒါရိုက်တာရာထူးကို ရယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။

မာလ်ဒီနီဟာ အသင်းကို တာဝန်ယူတဲ့ အချိန်အတွင်းမှာ ရာဖေးလ်လီယာအို၊ တိုမိုရီတို့ အပါအဝင် နာမည်ကျော် ကြား လာမယ့် ကစားသမား အများအပြားကို ခေါ်ယူပေးခဲ့တာပါ။

မာလ်ဒီနီဟာ အသင်း ၁၁ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ စကူဒတ်တိုဖလားကိုလည်း ပြီးခဲ့တဲ့နှစ် ရာသီက ရယူနိုင် အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။

မာလ်ဒီနီရဲ့ ကစားသမား ခေါ်ယူမှုတွေကြောင့် အေစီမီလန်အသင်း အောင်ပွဲရယူနိုင်ခဲ့တဲ့ အပေါ်မှာ ကြီးကြီးမားမား ချီးကျူးခံခဲ့ရပေမယ့် ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ ကလပ်ရဲ့ အခြေအနေတွေဟာ စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။

အိုရီဂီနဲ့ ချာလတ်စ်တို့လို ထိပ်တန်း ကစားသမားတွေ ခေါ်ယူခဲ့ပေမယ့် သူတို့တွေဟာ ခြေစွမ်းပြသနိုင်ခဲ့ခြင်း မရှိ သလို အသင်းကလည်း အဆင့် ၄ နေရာနဲ့သာ ရာသီ အဆုံးသတ် ခဲ့ရပါတယ်။

မာလ်ဒီနီ ထွက်ခွာသွားတာနဲ့အတူ မကြာခင်ကမှ စာချုပ်သစ် ချုပ်ဆိုထားတဲ့ ရာဖေးလ်လီယာအိုကလည်း သူ့ရဲ့ အနာဂတ်ကို ပြန်လည် စဉ်းစားနေသလို ဂန္တဝင်ကစားသမားကို ထုတ်ပယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ အီမိုဂျီကို သူ့ရဲ့တွစ်တာမှာ တင်ထားခဲ့ပါတယ်။

ဒါအပြင် အေစီမီလန် ကစားသမားတချို့ကလည်း ဒီဆုံးဖြတ်ချက်ကို ဒေါသထွက် နေကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Source: Daily Mail