CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၇

ရီးရယ်လ်မက်ဒရစ် ကြယ်ပွင့် ကစားသမား ဗီနီစီးယက်စ်ကို လူမျိုးရေး ခွဲခြားမှုတွေ ပြုလုပ်ခဲ့တဲ့ လူ ၇ ဦးကို အပြစ်ပေး အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဇန်နဝါရီလက ရီးရယ်လ်အသင်း လေ့ကျင့်ရေးကွင်းအနီးမှာ ဗီနီစီးယက်စ်ရဲ့ ပုံတူအရုပ်ကို ကြိုးဆွဲချသလို ပြုလုပ်ခဲ့တဲ့ အမျိုးသား ၄ ဦးကို ဒဏ်ကြေးငွေ ယူရို ၆၀,၀၀၀ နဲ့ ၂ နှစ်ကြာ အားကစားကွင်း ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

သူတို့ ၄ ဦးကို လွန်ခဲ့တဲ့ ၁၁ ရက်က ဖမ်းဆီးခဲ့တာဖြစ်ပြီး မက်ဒရစ်တရားရုံးက အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

မေလ ၂၁ ရက်က ဗလင်စီယာ အသင်းနဲ့ပွဲမှာ ဗီနီစီးယက်စ်ကို လူမျိုးရေး ခွဲခြားခဲ့တဲ့ နောက်ထပ် ၃ ဦးကို ဒဏ်ကြေးငွေ ယူရို ၅,၀၀၀ နဲ့ အားကစားကွင်း ဝင်ရောက်ခွင့် ၁ နှစ် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ၃ ဦးဟာ အသက် ၁၈ ကနေ ၂၁ နှစ်ကြား ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပြီး ပွဲကစားပြီး ၂ ရက်အကြာမှာ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရတာပါ။

 

ဗီနီစီးယက်စ်ကို တွေ့ရစဉ်

အကြမ်းဖက်မှု၊ လူမျိုးရေး ခွဲခြားမှုနဲ့ အားကစားမှာ သည်းမခံနိုင်မှုတို့ကို ဆန့်ကျင်တဲ့ နိုင်ငံတော်ကော်မရှင်က ဒီလိုဆုံးဖြတ်ချက် ချခဲ့တာလို့ နိုင်ငံရဲ့ အားကစားကော်မရှင်က ပြောခဲ့ပါတယ်။

ဗီနီစီးယက်စ်ဟာ ဗလင်စီယာ အသင်းနဲ့ ပွဲမှာ လူမျိုးရေး ခွဲခြားခံရပြီးနောက် စပိန်လိဂ်ဟာ လူမျိုးရေးခွဲခြားတဲ့ လိဂ်လို့ ပြောခဲ့ပါတယ်။

ဘရာဇီးလ်အစိုးရက လူမျိုးရေး ခွဲခြားခံရမှုတွေအတွက် တာဝန်ရှိသူတွေကို ပြင်းထန်တဲ့ အရေးယူမှုတွေ ပြုလုပ်ဖို့ တောင်းဆိုခဲ့သလို လာလီဂါကလည်း ဒီလိုဖြစ်ရပ်တွေကို အပြစ်ပေးနိုင်ဖို့အတွက် ပိုပြီး အရေးယူမှုတွေ ပြုလုပ်လို့ ရတဲ့ လုပ်ပိုင်ခွင့်တွေကို ရှာဖွေသွားမယ်လို့ ပြောခဲ့ပါတယ်။

ဘရာဇီးလ်အသင်းဟာ လူမျိုးရေး ခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုရဲ့ အစိတ်အပိုင်းအဖြစ် ဇွန်လ ၁၇ ရက်နဲ့ ၂၀ ရက်မှာ ဂီနီ၊ ဆီနီဂေါ အသင်းတို့နဲ့ လစ္စဘွန်းမှာ ခြေစမ်းပွဲ ကစားသွားမယ်လို့ သိရပါတယ်။

Source: BBC