CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၆

ရီယိုဒီဂျနေးရိုးအစိုးရဟာ ရီးရယ်လ်တိုက်စစ်မှူး ဗီနီစီးယက်စ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တဲ့ ဥပဒေကို သူ့ရဲ့ အမည်ပေးခဲ့ပါတယ်။

ရီယိုဒီဂျနေးရိုးအစိုးရက ဇွန်လမှာ တညီတညွတ်တည်း အတည်ပြုခဲ့တဲ့ The 'Vini Jr ဥပဒေ’ကို လူမျိုးရေးခွဲခြားတဲ့ အပြုအမူကြောင့် အားကစားပွဲတွေ ရပ်နားတာ ဒါမှမဟုတ် ဆိုင်းငံ့ထားတဲ့ပွဲတွေမှာ မြင်တွေ့ရမှာပါ။ 

အသက် ၂၂ နှစ်အရွယ်ရှိ ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့ရာသီက လူမျိုးရေးခွဲခြားမှုကို အကြိမ်ပေါင်းများစွာ ခံခဲ့ရတာ ဖြစ်ပါတယ်။

ဗီနီစီးယက်စ်က “ဒီနေ့ဟာ အလွန်ထူးခြားတဲ့နေ့ဖြစ်ပြီး ကျနော့်မိသားစုအတွက် အလွန်ဂုဏ်ယူစရာ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်ဟာ အလွန်ငယ်သေးတာကြောင့် ဒီလိုဂုဏ်ပြုမှုမျိုးကို ရနိုင်ဖို့ မမျှော်လင့်ထားပါဘူး”လို့ မာရာကာနာ အားကစားကွင်းမှာ ပြုလုပ်တဲ့ အခမ်းအနားမှာ ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ မေလက ကစားခဲ့တဲ့ ဗလင်စီယာအသင်းနဲ့ လာလီဂါပွဲစဉ်မှာ လူမျိုးရေး ခွဲခြားမှုခံခဲ့ရတဲ့အပေါ် တုံ့ပြန်ခဲ့တဲ့ ဗီနီစီးယက်စ်ရဲ့ အပြုအမူတွေအပြီးမှာ ဒီဥပဒေကို ဖြစ်မြောက်အောင် လုပ်ခဲ့တာလို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ 

ဗီနီစီးယက်စ်ကိုတွေ့ရစဉ်

ဒီဥပဒေမှာ လူမျိုးရေး ခွဲခြားမှုဆိုင်ရာ တိုင်ကြားမှုတွေကို စီမံဆောင်ရွက်ပုံနဲ့ မဖြစ်မနေ ပညာပေးလှုပ်ရှားမှုတွေ ပြုလုပ်မယ့် အရာတွေ ပါဝင်တယ်လို့ သိရတာပါ။

ဗီနီစီးယက်စ်ဟာ ရီယိုဒီဂျနေးရိုးရဲ့ ဥပဒေပြုလွှတ်တော်နဲ့ မြို့တော်ကောင်စီတို့ ဆီကနေလည်း ဆုတွေရခဲ့ပြီး သူ့ရဲ့ ခြေရာကို ပီလီ၊ ရော်နယ်ဒိုတို့လို ဘရာဇီးလ်နာမည်ကြီး ကစားသမားတွေနဲ့အတူ အားကစားကွင်းရဲ့ ကျော်ကြားမှု ခန်းမမှာ ထည့်သွင်းခြင်း ခံခဲ့ရပါတယ်။

ရီးရယ်လ်တိုက်စစ်မှူးဟာ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဖီဖာရဲ့ လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေး အထူး ကော်မတီကို ဦးဆောင်ဖို့လည်း တောင်းဆိုခြင်း ခံထားရတာပါ။

ဗီနီစီးယက်စ်ဟာ ရီးရယ်လ်အသင်းကို ၂၀၁၈ ခုနှစ်က ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းကနေ ရောက်ရှိလာခဲ့ တာဖြစ်ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်၊ လာလီဂါဖလား အပါအဝင် ဆုဖလားအောင်မြင်မှု အများအပြားကို ရယူ ထားတာ ဖြစ်ပါတယ်။

Source: BBC