CNI International News

ဘန်ကောက်၊ဖေဖော်ဝါရီ ၁

လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့လျှင် တော်ဝင်မိသားစုအပေါ် စော်ကားပြောဆိုမိပါက ဖမ်းဆီးခွင့်ရှိနေ သော ဥပဒေကို ပယ်ဖျက်ပေးရေး ဖြူးထိုင်းပါတီကို နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများက အင်္ဂါနေ့တွင် ဖိအားပေးခဲ့ ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

တွေ့ဆုံဆွေးနွေးမှုတွင် ရေရာသေချာသည့် အဖြေထွက်ပေါ်ခဲ့ခြင်း မရှိပေ။ သို့သော် ယင်းသည် အုပ်စိုးသူအား စော်ကားခြင်း ဥပဒေဖြစ်သည့် ပုဒ်မ ၁၂၂ အရ ထိန်းသိမ်းခံထားရသူ သုံးဦး အစာငတ်ခံ ဆန္ဒပြမှုဖြစ်ပွား နေချိန်တွင် ပေါ်ပေါက်လာသည်။

ထိုသုံးဦးမှ နှစ်ဦးမှာ အခြေအနေ ဆိုးရွားမှုကြောင့် ဆေးရုံသို့ တင်ထားရသည်။ ပြဿနာများကို ရေတိုဖြေရှင်းရန် ဥပဒေကို အသုံးပြုနေခြင်းနှင့် ပတ်သက်၍ ပြည်သူများ၏ ဆွေးနွေးမှုများကို အားပေးသည်ဟု ဖြူးထိုင်းပါတီ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ပရာဆတ် ဂျန်တာရာရူအန်တောင်း (Prasert Jantararuangtong) က ပြောသည်။

ဖြူးထိုင်းပါတီကိုတွေ့ရစဉ်

ပြည်သူများကြားတွင် ထိုဥပဒေကို ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ အတွေးအမြင် အမျိုးမျိုး ရှိနေကြပြီး ယင်းက ပိုမို ဆိုးရွားသော အခြေအနေကို ရောက်ရှိစေသည်ဟု ၎င်းက ပြောသည်။ Thalu Wang တက်ကြွလှုပ်ရှားသူများအဖွဲ့မှ အဖွဲ့ဝင်ရှစ်ဦးနှင့် တွေ့ဆုံခဲ့ပြီးနောက် သတင်းထောက်များကို ပြောခဲ့ခြင်း ဖြစ်သည်။

ထိုပြောဆိုမှုအပေါ် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) က အုပ်စိုးသူအား စော်ကား ခြင်း ဥပဒေသည် ပြဿနာမဟုတ်ကြောင်း၊ ထိုဥပဒေကို လိုက်နာအောင် လုပ်မှုနှင့် အဓိပ္ပါယ် ကောက်ယူမှုများက သာ ပြဿနာဖြစ်ကြောင်း တုန့်ပြန်သည်။

သက်ဆင်သည် ထိုင်းနိုင်ငံ၏ အကြီးဆုံး အတိုက်အခံပါတီအပေါ် လွှမ်းမိုးမှု ရှိနေဆဲဖြစ်သည်။ ပုဒ်မ ၁၂၂ အရ မည်သူမဆို အုပ်စိုးသူအား စော်ကားမှုဖြင့် အမှုဖွင့်နိုင်ပြီး ရဲတပ်ဖွဲ့က ထိုအခြေအနေကို စုံစမ်းစစ်ဆေးခွင့်ရှိသည်။

တော်ဝင်မိသားစုအပေါ် စော်ကားမှု တစ်ခုခြင်းစီအတွက် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။ ထိုဥပဒေဖြင့် ထိန်းသိမ်း ခံထားရသူများအပေါ် တရားရုံးတင် စစ်ဆေးမှုများကို အဆုံးသတ်လိုက်ခြင်းက ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူများနှင့် အစာငတ်ခံ ဆန္ဒပြသူများအတွက် အဓိကအကြောင်းအရာ ဖြစ်လာသည်။

တစ်ခါတစ်ရံတွင် တရားသူကြီးများသည် ထိုစွဲချက်၏ ပြင်းထန်မှုနှင့် အမြင့်ဆုံး ထောင်ဒဏ်ပေးနိုင်မှု အခြေအနေ များကို ကိုးစား၍ သံသယရှိသူများအား အာမခံပေးရန် ငြင်းဆန်ကြသည်။

ထိုင်းဘုရင်မိသားစုကိုတွေ့ရစဉ်

ချင်းရိုင် (Chiang Rai) မှ အမျိုးသားတစ်ဦးသည် တော်ဝင်မိသားစုကို စော်ကားခြင်းဆိုင်ရာ စွဲချက်များဖြစ် ပြီးခဲ့သည့် သီတင်းပတ်တွင် ထောင်ဒဏ် ၂၈ နှစ် အပြစ်ပေးခံခဲ့ရသည်။

၂၀၂၁ ခုနှစ်က ထောင်ဒဏ် ၄၃ နှစ် ချခံခဲ့ရမှု တစ်ခုပြီးနောက် ဒုတိယအများဆုံး ပြစ်ဒဏ်လည်း ဖြစ်သည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း ထိုဥပဒေဖြင့် လူပေါင်း ၂၂၈ ဦး တရားစွဲခံခဲ့ရပြီး ၁၀ ဦးမှာ ထိန်းသိမ်း ခံထားရသည်ဟု လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများအဖွဲ့ (TLHR) က ပြောသည်။

ဖြူးထိုင်းပါတီ အနေဖြင့် ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရလိုလျှင် ပုဒ်မ ၁၂၂ ကို ဖျက်သိမ်းရမည်ဟု တက်ကြွလှုပ်ရှားသူ တစ်ဦးက ပါတီနှင့် အစည်းအဝေး မတိုင်ခင် ပြောခဲ့သည်။

လက်ရှိ အာဏာရညွှန့်ပေါင်း ပါတီ ၁၆ ခုသည် ထိုဥပဒေကို မထိရန် ကတိပြုထားပြီး တော်ဝင်မိသားစုဘက် အလွန်ယိမ်းသော Thai Pakdee ပါတီသည် ယင်းကို ပိုမိုတင်းကြပ်ရန်ပင် အသနားခံမှု တစ်ခုကို စတင်ခဲ့သည်ဟု သိရသည်။

Source: ဘန်ကောက်ပို့စ်