CNI International News

ဘန်ကောက်၊ ဇန်နဝါရီ - ၇

မုဒါဟန် (Mukdahan) ပြည်နယ်မှ ဖြူးထိုင်းပါတီ လွှတ်တော်အမတ် အနူရတ် တန်ပန်နီတာနွန်သည် ဘတ် ၅ သန်း လာဘ်စားရန် ကြိုးပမ်းမှုဖြင့် အပြစ်ရှိကြောင်း တွေ့ခဲ့ရသည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

လွှတ်တော်အမတ် အနူရတ် တန်ပန်နီတာနွန် (Anurak Tangpanitanon) သည် အဆိုပြုထားသော ဘတ်ဂျက် တစ်ခုကို အတည်ပြုပေးရန် ဘတ် ၅ သန်း တောင်းဆိုခဲ့မှုဖြင့် လွှတ်တော်ကျင့်ဝတ်ဆိုင်ရာ ဥပဒေကို ချိုးဖောက်ခဲ့ ကြောင်း ထိုင်းဗဟိုတရားရုံးချုပ်၏ အာဏာရနိုင်ငံရေးသမားများဆိုင်ရာ ရာဇဝတ်မှု အဖွဲ့ခွဲမှ တွေ့ခဲ့ရခြင်း ဖြစ်သည်။

ထိုသို့ လုပ်ဆောင်ခဲ့ခြင်းက ကိုယ်ကျိုးအတွက် လုပ်ပိုင်ခွင့်ကို တလွဲအသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း ယင်းကို ထိုင်းနိုင်ငံ ၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနှင့် တားဆီးရေး ၂၀၁၈ ဥပဒေ၏ ပုဒ်မ ၈၇ တွင် တားမြစ်ထားသည်ဟု တရားရုံး၏ စီရင်ချက်တွင် ဖော်ပြထားသည်။

ထိုင်းလွှတ်တော်ကိုတွေ့ရစဉ် (GETTY IMAGES)

အကျင့်ပျက်ခြစားမှုဆိုင်ရာ စွဲချက်များကို တရားရုံးက ကြားနာမှုပြုလုပ်ရန် သဘောတူခဲ့ပြီးနောက် အနူရတ်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် ရာထူးမှ ရပ်နားခဲ့သည်။

၎င်းသည် ထိုပြစ်မှုအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်နှင့် နိုင်ငံရေးအာဏာ ရယူခွင့် တစ်သက်တာ ပိတ်ခံခဲ့ရပြီး မဲပေးခွင့်လည်း ၁၀ နှစ်ကြာ ဆုံးရှုံးရမည် ဖြစ်သည်။

အနူရတ် အပေါ် စွပ်စွဲထားမှုများက ဖြစ်နိုင်ချေရှိသည်ကို တွေ့ရှိခဲ့ပြီးနောက် ထိုင်းအမျိုးသား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင်က တွေ့ရှိခဲ့သည်။ ထို့နောက် ယင်းကို တရားရုံးတင်ပို့ခဲ့သည်။

သောကြာနေ့ ဆုံးဖြတ်ချက်များ၌ အနူရတ်သည် ဌာန၏ အဆိုပြု ဘတ်ဂျက်ကို မဖြတ်ချရေး ကမ်းလှမ်းမှုဖြင့် မြေအောက် ရေအရင်းအမြစ်ဌာန ညွှန်ကြားရေးမှူးချုပ်ထံမှ လာဘ်ငွေကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

Mukdahan ပြည်နယ်ကိုတွေ့ရစဉ် (GETTY IMAGES)

ထိုဖြစ်ရပ်သည် လွှတ်တော်ကော်မတီက ၂၀၂၁ ဘတ်ဂျက် စိစစ်ရေး လုပ်ဆောင်နေစဉ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကာ ထိုအချိန်တွင် အနူရတ်သည် ဘတ်ဂျက်များကို စိစစ်ရသော လွှတ်တော်ကော်မတီဌာနခွဲတွင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေခဲ့သည်။

လွှတ်တော်ကော်မတီနှင့် တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးဖြစ်သူ ဆက်ဒါ (Sakda)က အနူရတ်၏ တောင်းဆိုမှုကို ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ရာ အနူရတ်သည် ဆက်ဒါ၏ ဖုန်းကိုခေါ်ကာ စွပ်စွဲချက်အတိုင်း ပြောဆိုခဲ့သည့် သက်သေများကို တွေ့ခဲ့ရသည်။

Source: ဘန်ကောက်ပို့စ်