CNI International News

မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ ၇

ထောင်ကျနေသော နာမည်ကျော် မူးယစ်ရာဇာ ဂျိုအာကွင်း အယ်လ်ချာပို ဂတ်ဇ်မန်း (Joaquin “El Chapo” Guzman)၏ သားဖြစ်သူ အိုဗီဒီယို ဂတ်ဇ်မန်း (Ovidio Guzman) ကို မက္ကဆီကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ထို့နောက် ဖမ်းဆီးမှုဖြစ်ပြီး နောက်ရက်များတွင် ဆီနာလိုအာ (Sinaloa) ပြည်နယ် ကူလီယာကန် (Culiacan) မြို့တွင်း၌ ကားများမီးရှို့ခံရခြင်း၊ ဒေသခံများ၏ ကားများကို ပြန်ပေးဆွဲခြင်းများ ပေါ်ပေါက်ခဲ့သည်။

ထိုလုပ်ရပ်များကို ရာဇဝတ်ဂိုဏ်းသားများက ကျူးလွန်သည်ဟု ယူဆရသည်။ အာဏာပိုင်များ အနေဖြင့် အဘယ် ကြောင့် ယခုလို အကြမ်းဖက်မှုများ ဖြစ်နေသည်ကို ထုတ်ဖော်ပြောဆိုထားခြင်း မရှိသော်လည်း ထိုသို့သော လုပ် ရပ်များသည် ဂိုဏ်းအဖွဲ့ဝင် တစ်ဦး ဖမ်းဆီးခံရချိန်တွင် တုန့်ပြန်သည့်အနေဖြင့် ဂိုဏ်းသားများက လုပ်ဆောင် လေ့ရှိသော အပြုအမှုများ ဖြစ်သည်။

မက္ကဆီကိုသမ္မတ အန်ဒရေ မန်နျူရယ် လိုပတ်ဇ် အိုဘရာဒေါကိုတွေ့ရစဉ် (GETTY IMAGES)

မြို့နေရာ အနှံ့အပြားတွင် လမ်းများပိတ်ဆို့မှုများ ဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံများအနေဖြင့် အိမ်အပြင်မ ထွက်ကြရန် တောင်းဆိုကြောင်း ကူလီယာကန်မြို့တော်ဝန် ဟွမ်ဒီဒီယို့ဂါမက်ဇ် (Juan de Dios Gamez) က တွစ်တာတွင် ရေးသားခဲ့သည်။

အဖမ်းခံခဲ့ရသော အိုဗီဒီယိုသည် ၎င်း၏ဖခင်ဖြစ်သူ အဖမ်းခံခဲ့ရပြီးနောက် ဆီနာလိုအာဂိုဏ်း၏ အရေးကြီးသော ပုံရိပ်တစ်ခုဖြစ်ခဲ့ပြီး ၎င်းကို မက္ကဆီကိုအာဏာပိုင်များက ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် ဖမ်းဆီးထိန်းသိမ်း ခဲ့သည်။

ထို့နောက်တွင် အိုဗီဒီယို၏ ဂိုဏ်းသားများက မြို့အနှံ့ အင်အားပြင်း လက်နက်များဖြင့် ပစ်ခတ်မှုများ စတင်ပြု လုပ်ခဲ့ရာ အိုဗီဒီယိုလည်း ပြန်လည်လွတ်မြောက်လာခဲ့သည်။

၎င်းက မက္ကဆီကိုသမ္မတ အန်ဒရေ မန်နျူရယ် လိုပတ်ဇ် အိုဘရာဒေါ (Andres Manuel Lopez Obrador) အစိုးရအတွက် ကြီးမားသည့် အရှက်ရမှုကိုလည်း ဖြစ်စေခဲ့သည်။

 မြို့တွင်း အကြမ်းဖက်မှုများဖြစ်ထားစဉ် (AP)

ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲတွင် သမ္မတက ကူလီယာကန်တွင် စစ်ဆင်ရေးများ ဆောင်ရွက်နေ သည်ဟု ပြောခဲ့သော်လည်း မည်သို့ လုပ်ဆောင်နေသည်ကိုတော့ မရှင်းပြခဲ့ပေ။

လူမှုကွန်ယက်ပေါ်သို့ ပေါ်ထွက်လာသည့် အတည်မပြုနိုင်သေးသော ဗွီဒီယိုများတွင် ရဟတ်ယာဉ် တစ်စင်းပေါ်မှ အပါအဝင် မြို့အနှံ့ ပစ်ခတ်မှုများ ဖြစ်နေသည်ကို တွေ့ခဲ့ရသည်။

ထို့ပြင် မြို့ရှိ လေဆိပ်ကိုလည်း ယာယီရပ်ဆိုင်ထားရသလို အစိုးရဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်ခြင်းကိုလည်း ရပ်နားထားရသည်။

မက္ကဆီကိုအစိုးရသည် နိုင်ငံတစ်ဝန်းလုံးတွင် အကြမ်းဖက်မှုများ မြင့်မားနေခြင်း၊ မူးယစ်ဆေးဝါးဂိုဏ်းများ အင်အား ကြီးမားနေခြင်းတို့ကို ဖြေရှင်းရန် ရုန်းကန်နေရသည်။

Source: အယ်ဂျာဇီးယား