CNI International News

ကိုပင်ဟေဂင်၊ ဒီဇင်ဘာ ၁၈

ဒိန်းမတ်နိုင်ငံတွင် လူ ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး နောက်ထပ် သံသယရှိသူ ၄ ဦးကို အကြမ်းဖက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း အစိုးရရှေ့နေတစ်ဦးက ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

နယ်သာလန်တွင် အကြမ်းဖက်မှု သံသယဖြင့် လူ ၁ ဦးကို ဖမ်းဆီထားပြီး ဂျာမနီတွင် လူအချို့ကို ဟားမာ့စ်အဖွဲ့ဝင် များဖြစ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးမှုများ ပြုလုပ်နေချိန်တွင် ဒိန်းမတ်နိုင်ငံတွင်လည်း အကြမ်းဖက်မှု ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို တိုးမြှင့်ပြုလုပ်နေခြင်း ဖြစ်သည်။

ဂျာမနီအာဏာပိုင်များက ဥရောပရှိ ဂျူးအဖွဲ့အစည်းများ၊ အဆောက်အအုံများကို တိုက်ခိုက်ရန် ပြင်ဆင်နေသည် ဟု သံသယရှိသူ ၃ ဦးကို ဖမ်းဆီးထားကြောင်း ပြောကြားခဲ့သည်။

ဒိန်းမတ်အာဏာပိုင်များကလည်း နယ်သာလန်တွင် လူ ၁ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ပြောကြားခဲ့သော်လည်း ထိုသူ သည် ဂျာမနီတွင် ဟားမာ့စ်အဖွဲ့ဝင်များဟု သံသယဖြင့် ဖမ်းဆီးခံထားရသူများနှင့် ဆက်နွှယ်မှု ရှိ/မရှိ ရှင်းလင်းစွာ မသိရသေးကြောင်း ပြောကြားခဲ့သည်။

ဒိန်းမတ် ထောက်လှမ်းရေးအေဂျင်စီ PET အကြီးအကဲများကိုတွေ့ရစဉ်

ထို့အတူ ဒိန်းမတ်အာဏာပိုင်များကလည်း ၎င်းတို့၏ စုံစမ်းစစ်ဆေးမှုသည် ဟားမာ့စ်အဖွဲ့နှင့် ဆက်နွှယ်မှု ရှိ/မရှိ ပြောကြားခဲ့ခြင်းမရှိပေ။ ဒိန်းမတ်တွင် လူ ၂ ဦးကို ဇန်နဝါရီ ၉ ရက်အထိ တရားခွင်အကြို ဖမ်းဆီးထိန်းသိမ်းထား ရန် အာဏာပိုင်များက အမိန့်ချမှတ်ခဲ့သည်။ 

ဖမ်းဆီးခံရသူနှစ်ဦးသည် အသက် ၅၀ အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီး ၁ ဦးဖြစ် သည်ဟု ဒိန်းမတ်မီဒီယာများက ဖော်ပြခဲ့သည်။ 

နောက်ထပ် ဖမ်းဆီးရမိထားသူ ၃ ဦးသည် အကြမ်းဖက်မှုများ ပြုလုပ်ရန် ပူးပေါင်းကြံစည်နေသည်ဟု သံသယရှိ သူများဖြစ်ကြောင်း ဒိန်းမတ် ထောက်လှမ်းရေးအေဂျင်စီ PET က ဒီဇင်ဘာ ၁၄ ရက်တွင် ကြေညာခဲ့သည်။ 

ဂျာမနီနိုင်ငံတွင် ဖမ်းဆီးခံခဲ့ရသူ ၃ ဦးသည် ဥရောပ၌ ဟားမာ့စ်အဖွဲ့၏ လက်နက်များကို မြေအောက်မှာ သိုလှောင်ထားသည့် ဖြစ်စဉ်နှင့်် ဆက်နွှယ်မှုရှိသော သံသယဖြင့် ထိန်းသိမ်းခံခဲ့ရသည်ဟု ဂျာမန် အစိုးရရှေ့နေ များက ပြောကြားခဲ့သည်။ 

အာဏာပိုင်များက ထိုလက်နက်များကို စုံစမ်းဖော်ထုတ်ပြီး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

ယခုဖမ်းဆီး ခံထားရသူများသည် ထိုလက်နက်များကို ဂျာမနီနိုင်ငံသို့ သယ်ဆောင်ပြီး ဥရောပရှိ ဂျူး အဆောက်အအုံများအား အကြမ်းဖက်တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းဖြစ်နိုင်ကြောင်း ဂျာမနီအစိုးရရှေ့နေများက ပြောကြားခဲ့သည်။